စစ်ကိုင်း Myanmar Veneer & Plywood Private Ltd သစ်အချောထည်စက်ရုံ အလုပ်သမားများ သမ္မတရုံးရှေ့ ဆန္ဒထုတ်ဖော်ရန် စစ်ကိုင်းမှ နေပြည်တော်သို့ စတင်ထွက်ခွာ

(GMT+08:00)2017-12-15 16:38:50  CRI

စစ်ကိုင်း ဧပြီ ၂၉

စစ်ကိုင်း Myanmar Veneer & Plywood Private Ltd သစ်အချောထည်စက်ရုံ အလုပ်သမားများ သမ္မတရုံးရှေ့ ဆန္ဒထုတ်ဖော်ရန် စစ်ကိုင်းမှ နေပြည်တော်သို့ စတင်ထွက်ခွာ

အလုပ်သမားများနစ်နာမှုနှင့်ပတ်သက်၍ ရက်ပေါင်းခြောက်ဆယ်ကျော်ကြာသည်အထိ တာဝန်ရှိသူများကပြေလည်အောင်ဖြေရှင်းခြင်းမရှိသည့်အတွက် စစ်ကိုင်း Myanmar Veneer & Plywood Private Ltd သစ်အချောထည်စက်ရုံမှ အလုပ်ထုတ်ခံအလုပ်သမားများသည် ယနေ့နံနက် ၇ နာရီမှစတင်ကာ အင်အားတစ်ရာကျော်ခန့်ဖြင့် စစ်ကိုင်းမြို့မှနေပြည်တော်သမ္မတရုံးအထိ ချီတက်လမ်းလျှောက်သပိတ်မှောက်ရန်စတင်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။ “မတရားသဖြင့်အလုပ်ထုတ်ခံထားရတဲ့ကိစ္စကို လာရောက်ဖြေရှင်းဆောင်ရွက်ပေးတာမရှိတဲ့အတွက် နေပြည်တော်သမ္မတရုံးအထိချီတက်ဆန္ဒပြကြမှာ ပါ၊ လမ်းမှာဖမ်းတာဆီးတာတွေနဲ့လည်းကြုံနိုင်ပါတယ်၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အခက်အခဲတွေကိုဖြေရှင်းဆောင်ရွက်ပေးမှသာလျှင် ရပ်ကြ မှာပါ၊ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ အားလုံးသဘောတူညီထားတဲ့အတိုင်း သွားမယ့်လမ်းကြောင်းမရောက်ရောက်အောင်သွားကြမှာပါ၊ ရက်ပေါင်း ခြောက်ဆယ်ကျော်တဲ့အထိ တာဝန်ရှိသူတွေဘက်က ပြေလည်အောင်ဖြေရှင်းတာမရှိသေးပါဘူး၊ ဒီအချိန်ကျမှ မသွားပါနဲ့ ငါတို့ဖြေရှင်းပေးမှာပါလို့ နှစ် သိမ့်တာမျိုးတော့ လုံးဝလက်ခံလို့မရပါဘူး” ဟု သပိတ်စစ်ကြောင်းခေါင်းဆောင်ကိုခိုင်မင်းကပြောကြားသည်။

စစ်ကိုင်း Myanmar Veneer & Plywood Private Ltd သစ်အချောထည်စက်ရုံ အလုပ်သမားများ သမ္မတရုံးရှေ့ ဆန္ဒထုတ်ဖော်ရန် စစ်ကိုင်းမှ နေပြည်တော်သို့ စတင်ထွက်ခွာ

 ဥပဒေမဲ့အလုပ်ထုတ်ခံရသောအလုပ်သမားများ ကြားကာလနစ်နာကြေးနှင့်အတူ အလုပ်ပြန်လည်ရရှိရေး၊ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ် ပါ အခွင့်အရေးများရရှိရေး၊ စက်ရုံတွင်းညှိနှိုင်းရေးကော်မတီဖွဲ့စည်းပေးရေးအစရှိသည့်တောင်းဆိုချက်များမရမရချင်း သပိတ်စစ်ကြောင်းရပ်နားသွားမှာ မဟုတ်ကြောင်းလည်း ၄င်းကဆက်ပြောကြားသည်။ ရက်ပေါင်းခြောက်ဆယ်ကျော်သည်အထိသပိတ်စခန်းဖွင့်တောင်းဆိုခဲ့ကြသလို မြို့တွင်းလမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ပွဲလည်းနှစ်ကြိမ်တိုင်တိုင်ပြုလုပ် ခဲ့ပြီးဖြစ်သဖြင့် ပြေလည်မှုမရလျှင်အရှိန်အဟုန်မြှင့်သွားမည်ဖြစ်ကြောင်း ပြောထားသည့်အတွက် ပြောထားသည့်အတိုင်းလည်း ယခုလို အရှိန်အဟုန်မြင့် လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ “အလုပ်သမားတွေဒုက္ခရောက်နေတာဘယ်သူမှမသိကြဘူး၊ ဒါကြောင့်မို့လို့ပြည်သူသိအောင် အစိုးရသိအောင်အခုလိုချီတက်လမ်းလျှောက်ဆန္ဒဖော် ထုတ်ကြတာပါ၊ နေပြည်တော်သမ္မတရုံးအထိသွားပြီးတင်ပြပါမယ်၊ ငတ်သေမဲ့အတူတူမထူတော့ပါဘူး” ဟုလည်း သပိတ်စစ်ကြောင်းတွင်းပါဝင်သူ တစ်ဦးကပြောသည်။ သပိတ်စစ်ကြောင်း၏ချီတက်ခရီးတွင် စစ်ကိုင်းမြို့အာဏာပိုင်အဖွဲ့အစည်းနှင့် မန္တလေးမြို့အာဏာပိုင်အဖွဲ့အစည်းများ၏ တားမြစ်ခြင်းခံခဲ့ရသော်လည်း လတ်တလောအရေးယူခြင်းမရှိသည့်အတွက် သပိတ်စစ်ကြောင်းအနေနဲ့ ယခုအခါတွင် စစ်ကိုင်းမြို့မှတစ်ဆင့်မန္တလေးမြို့ပြင်အထိပင်ရောက်ရှိနေပြီ ဖြစ်သည်။

ကျော်ထွေး