辛甜

ငြိမ်းချမ်းရေးသို့ရည်ရွယ်သည့် အာရှယဉ်ကျေးမှုဆွေးနွေးပွဲ

(GMT+08:00)2019-05-17 16:27:05  

       ပြီးခဲ့တဲ့ စနေနေ့တုန်းက အလုပ်နားရက်မို့ ဘေကျင်းမှာရှိတဲ့ အိုလံပစ်အားကစားပြိုင်ပွဲကြီး ကျင်းပခဲ့ရာ အိုလံပစ်တာဝါ ငှက်သိုက် အဆောက်အအုံဘက်ကို သွားဖြစ်ပါတယ်။ အဲဒီလိုသွားတဲ့အခါ ငှက်သိုက်အဆောက်အအုံထဲကိုဖြတ်ဝင်ဖို့ လမ်းတစ်ချို့ပိတ်ထားတာကို တွေ့ရပါတယ်။ ပိတ်ထားတဲ့ လမ်းတွေ ရှေ့မှာလည်း လုံခြုံရေးတွေက အပြည့်။ ဘာကြောင့်ပိတ်ထားတယ်ဆိုတာ သိချင်တာနဲ့ ကျွန်မတို့လည်း လုံခြုံရေးတွေကို မေးကြည့်မိပါတယ်။ သူတို့အဖြေအရ အခမ်းအနားပွဲကြီးတစ်ခု ရှိလို့ပိတ်ထားတာ။ ၂၃ ရက်နေ့မှ ပြန်ဖွင့်ပါမယ်တဲ့။ ဒီတော့ ကျွန်မတို့လည်း လာရင်းလက်စ ဒီတိုင်းတော့လှည့်မပြန်ချင်တာနဲ့ ငှက်သိုက်ဖက်သွားလို့ ရတဲ့လမ်းကြောင်းရှာပြီး သွားလိုက်တော့ အဲဒီ လမ်းဘက်မှာတင် Conference on dialogue of asian civilizations ဆိုတဲ့ဆိုင်းဘုတ်တွေကို တွေ့တော့မှ သြော်..အာရှ ယဉ်ကျေးမှု Carnival ပွဲကို ဒီထဲကျင်းပမှာပါလား ဆိုပြီး သတိပြုမိပါတယ်။

       ဒီပွဲကို သတင်းယူဖို့ ဌာနက ကျွန်မကို စာရင်းပေးထားပေမယ့် ဘယ်ရက် ဘယ်နေရာ ဘယ်အချိန်မှာ ဒီပွဲကျင်းပမယ်ဆိုတာ ကျွန်မကို မပြောသေးတော့ ကျွန်မလည်း မသိသေးဘူးလေ။ အိုလံပစ်တာဝါဘက်သွားရင်း ဒီထဲမှာ အာရှ ယဉ်ကျေးမှု Carnival ပွဲကျင်းပမယ်ဆိုတာ သိလိုက်ရတော့  ဘာကြောင့်များ ဒီလို အားကစားပြိုင်ပွဲကျင်းပခဲ့တဲ့ အိုလံပစ်တာဝါထဲ ကျင်းပမှာလဲဆိုပြီး တွေးနေ မိပါတယ်။ နောက်နေ့တွေ မှာတော့ ဘာကြောင့်ဒီပွဲကြီးကို ဒီထဲကျင်းပတာလည်းဆိုတာ သိခဲ့ရပါတယ်။

       မေလ (၁၅)ရက်နေ့ မနက်ပိုင်းမှာတော့ အာရှယဉ်ကျေးမှုဆွေးနွေးပွဲကို ဘေကျင်းရှိ နိုင်ငံတော်အစည်းအဝေးစင်တာမှာ စတင်ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖျင်နဲ့ တခြားနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်းများ ကိုယ်တိုင် တက်ရောက်တဲ့ အခမ်းအနားမို့ လုံခြုံရေးကတော့ အတော်လေးကို အပြည့်ချထားပါတယ်။ မီဒီယာသမားတွေအတွက်ကတော့ မီဒီယာစင်တာမှာ သတင်းယူဖို့ လုပ်ပေးထားပါတယ်။ အဓိကကတော့ ဒီပွဲကြီးကို အာရှနိုင်ငံ အတွင်းရှိနိုင်ငံများ အချင်းချင်း ယဉ်ကျေးမှုများ အပြန်အလှန် အတုယူ ကိုးကားရေးအတွက် ရည်ရွယ်ပြီး ဘေကျင်းမှာ အာရှအဆင့် ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

       ဒီလိုအာရှအဆင့် ယဉ်ကျေးမှုဆွေးနွေးပွဲကြီး ကျင်းပဖို့ကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သမ္မတ ရှီကျင်ဖျင်က ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ မိန့်ခွန်း ပြောကြားရင်း  ယဉ်ကျေးမှု ကူးလူး ဖလှယ်မှုနဲ့ အပြန်အလှန် အတုယူ ကိုးကားခြင်းကို စွဲကိုင်ပြီး တံခါးဖွင့်ကမ္ဘာကို တည်ထောင်ဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ပြောခဲ့တဲ့ စိတ်ကူးကို အခုတော့ ဘေကျင်းမှာ အကောင်အထည် စတင်ဖော်နိုင်ခဲ့ပါပြီ။ ဖွင့်ပွဲနေ့မှာတင် အတော်ကို အားထည့်ပြီး ဒီပွဲကြီးလုပ်ခဲ့တာကို စပြီးမြင်ခဲ့ရပါတယ်။

      အခုနှစ် အာရှယဉ်ကျေးမှုဆွေးနွေးပွဲကိုတော့  “ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ အပြန်အလှန် အတုယူ ကိုးကားရေးနဲ့ ကံကြမ္မာ အသိုက်အဝန်း” ဆိုတာကို ဆောင်ပုဒ်အဖြစ်ထားပြီး အာရှနိုင်ငံ ၄၇ နိုင်ငံနဲ့ တစ်ခြားဒေသနိုင်ငံများမှ ကိုယ်စားလှယ် ၂၀၀၀ ကျော်တို့ တက်ရောက်လာကြတာမို့ အစည်းအဝေးက အတော့်ကို စည်းကားသက်ဝင်တယ်လို့ ဆိုရပါမယ်။

      ဖွင့်ပွဲနေ့မနက်ပိုင်းမှာတော့ သမ္မတရှီကျင်ဖျင်က မိန့်ခွန်းပြောပါတယ်။ သမ္မတရှီကျင်ဖျင် ပြောတဲ့အထဲမှာ ကျွန်မသဘောကျမိတာကတော့ “လူသားတို့ဟာ အသားအရောင်၊ ဘာသာ စကား ကွာဟချက်သာရှိပြီး ယဉ်ကျေးမှုမှာ အနိမ့်အမြင့်၊ အကောင်း အဆိုး ကွာဟချက် လုံးဝမရှိဘူး” ဆိုတဲ့ စကားပါပဲ။ ဒီစကားကိုတော့ ကျွန်မလက်ခံမိပါတယ်။ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေအကြား အပြန်အလှန်နားလည်မှုကို အားသစ်လောင်းပေးသင့်ပါတယ်။ ဒါမှသာ အခြားသော ယဉ်ကျေးမှုများ ကိုလည်း တန်းတူ သဘောထားလက်ခံနိုင်မှာပဲဖြစ်ပါတယ်။ ဘာကြောင့်ဒီလို ကျွန်မ ပြောသလဲဆိုရင် ကျွန်မတို့နေထိုင်ရာ China Radio International (CRI) အိမ်ရာမှာ ပါတီလုပ်ကြတော့ နိုင်ငံမတူ၊ ဘာသာမတူတဲ့သူတွေလာကြပါတယ်။ အားလုံး တီးလုံးတစ်ခုဖွင့်ပြီး ကိုယ့်စိတ်ကြိုက် ကကြပါတယ်။ အဲဒီအခါ ပါကစ္စတန်ကလည်း ပါကစ္စတန် အက၊ တူရကီကလည်း တူရကီအကတွေ ကကြသလို ကျွန်မကလည်း ကိုယ့်မြန်မာအကကို ကပြတော့ သူတို့တွေလည်း အထူးအဆန်း ကြည့်ပြီး လက်ခုပ်တီးကြပါတယ်။ ကိုးကွယ်ရာဘာသာမတူကြပေမယ့် ယဉ်ကျေးမှုချင်းကတော့ ခွဲခြားလို့ မရဘူး ဆိုတာ တကယ့်ကို မှန်ပါတယ်။

       အခုလည်း ဒီလိုပါပဲ တရုတ်နိုင်ငံကနေစပြီး အာရှတစ်လွှားကယဉ်ကျေးမှုတွေကို ဖွင့်ဟပြရင်း တံခါးဖွင့်ကမ္ဘာကို ဆောင်ရွက်ဖို့ ဘက်ပေါင်းစုံက ကြိုးစားမှုက အောင်မြင်တယ်လို့ ဆိုရပါမယ်။ အာရှယဉ်ကျေးမှုဆွေးနွေးပွဲ ဖွင့်ပွဲညမှာတော့ အိုလံပစ်အဆောက်အဦးထဲမှာ အ၀တ်အစား ဆန်းဆန်း ပြားပြားတွေဝတ်ဆင်ထားတဲ့နိုင်ငံစုံ အာရှယဉ်ကျေးမှု Carnival ပူပေါင်းဖျော်ဖြေပွဲအခမ်းအနားကြီးကို အိုလံပစ် အားကစားပြိုင်ပွဲတွေရဲ့ဖွင့်ပွဲအခမ်းအနားကျင်းပသလို ဖျော်ဖြေပွဲကြီး ကျင်းပသွားတာ တကယ့်ကို အံ့မခန်းလို့ ဆိုရပါမယ်။ နိုင်ငံအလိုက် အကအလှဖျော်ဖြေမှုတွေပါသလို နိုင်ငံအလိုက် အလှပြကားတွေနဲ့ လျှေက်လှမ်းတစ်လျှောက် ဖျော်ဖြေတင်ဆက်မှုတွေက တော်တော်လေး ခမ်းနားလှ ပါတယ်။ဒီလို လူပေါင်းများစွာသုံးပြီး အာရှယဉ်ကျေးမှုတွေကို ထုတ်ဖော်ပြချင်လို့ အိုလံပစ်တာဝါထဲမှာ ကျင်းပတာဖြစ်ပါတယ်။

       အာရှအဆင့်ကျင်းပတဲ့ နိုင်ငံတော်ပွဲကြီးမို့ တီဗွီကနေ တိုက်ရိုက် Live ထုတ်လွှင့်တဲ့အထိ ကြီးကျယ်တဲ့ဖျော်ဖြေပွဲကြီးပါပဲ။ ဒီပွဲကို ကမ္ဘာ့ နာမည်အကြီးဆုံး တင်းနား အဆိုတော်ကြီး လေးဦးထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ အီတလီ နိုင်ငံသား အန်ဒရီ ပိုစေလီကိုယ်တိုင် တက်ရောက်ပြီး သီချင်းသီဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ အီတလီ နိုင်ငံသား အန်ဒရီ ပိုစေလီဟာဆိုရင် အသက် ၁၂ နှစ် အရွယ်တုန်းက ဘောလုံးကန်ရင်း မတော်တဆ ဖြစ်ရာကနေ မျက်မမြင် တစ်ဦး ဖြစ်ခဲ့ရှာတဲ့ နာမည်ကျော် အနုပညာရှင် တစ်ဦးပါ။ ဒီပွဲမှာတော့  Nessun Dorma ကို သီဆိုသွားခဲ့ပါတယ်။  

လာမည့်နှစ်ဟာ တရုတ်-အီတလီ သံအဆက်အသွယ် ထားရှိတဲ့ နှစ် ၅၀ ပြည့်မြောက်တဲ့နှစ် ဖြစ်ပြီး အနာဂတ်မှာ နှစ်နိုင်ငံရဲ့ တေးဂီတ လောကသားများ ပိုမို များပြားစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ တေးဂီတဟာ လူသား အားလုံး နားလည်တဲ့ နိုင်ငံတကာ ဘာသာစကား တစ်မျိုးလို ဖြစ်ပြီး မတူခြားနားသော ယဉ်ကျေးမှုများအကြား အပြန်အလှန် နားလည်မှုကို တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း၊ အပြန်အလှန် နားလည်မှုဟာ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးရဲ့ အခြေခံ ဖြစ်ကြောင်း သတင်းထောက်နဲ့ တွေ့ဆုံရာမှာ အန်ဒရီ ပိုစေလီပြောခဲ့ပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ယဉ်ကျေးမှုကူးလူးဖလှယ်ရေး ဓာတ်ပုံတွေမှာတော့ မန္တလေးကမြန်မာ့နန်းတွင်း အဆောက်အအုံနဲ့ တရုတ်နိုင်ငံက ရှေးဟောင်း နန်းတော် အဆောက်အအုံကို အတူပူးတွဲယှဉ်ပြထားတာမျိုး တွေ့ရပါတယ်။ ဒီဆွေးနွေးပွဲကြီး မတိုင်ခင် ကလည်း မြန်မာ့ရိုးရာ အကအလှကို ရိုက်ကူးထားတဲ့ တီဗွီအစီအစဉ်နဲ့ မြန်မာ့ယဉ်ကျေးမှု တက္ကသိုလ်အကြောင်း တီဗွီအစီ အစဉ်ကို CCTV က ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ အခုလို globalization ကြီးခေတ်ကြီးမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ယဉ်ကျေးမှုအင်အားက လိုအပ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တစ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို တစ်နိုင်ငံက မျက်ကွယ်ပြုပြီး ဗိုလ်ကျစိုးမိုးနေမယ်ဆိုရင်တော့ ကမ္ဘာကြီးက ဘယ်တော့မှ ငြိမ်းချမ်း လာမှာမဟုတ်ပါဘူး။

အာရှတိုက်ကို ဥပမာပြောရမယ်ဆိုရင် ကမ္ဘာ့ကုန်းမြေရဲ့ ၃ ပုံ ၁ ပုံရှိပြီး တစ်ကမ္ဘာလုံး လူဦးရေရဲ့ ၃ ပုံ ၂ ပုံ နေထိုင်ပြီး နိုင်ငံ ၄၇ နိုင်ငံ၊ လူမျိုး ၁၀၀၀ ကျော်ရှိတဲ့ တစ်ကမ္ဘာလုံး စီးပွားရေး စုစုပေါင်းပမာဏရဲ့ ၃ ပုံ ၁ ပုံကို ဖန်တီးနိုင်ခဲ့ပေမယ့် အာရှနိုင်ငံအတော်များများက နိုင်ငံတချို့ဟာ ဆင်းရဲမှုကို  ရင်ဆိုင်မြဲ ရင်ဆိုင်နေရပြီး ပိတ်ဆို့မှုနဲ့ ကင်းဝေးတဲ့ ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးဖို့ မျှော်လင့် နေကြ ပါတယ်။
  ဒီလိုအနေအထားမှာ အာရှတိုက်အနေနဲ့ ငြိမ်းချမ်းတည်ငြိမ်ရေး၊ အတူစည်ပင်သာယာဝပြောရေး၊ တံခါးဖွင့် ရောနှောပေါင်းစပ်ရေးတို့ကို အကောင်အထည်ဖေါ်ဖို့ စီးပွားရေးနဲ့ သိပ္ပံနည်းပညာလိုအပ်သလို  ယဉ်ကျေးမှု အင်အားကိုလည်း လိုအပ်လှပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုတွေ အပြန်အလှန် ရိုသေလေးစားပြီး တန်းတူညီမျှရေးကို စွဲကိုင်ရင်း မတူသောယဉ်ကျေးမှုများကို အပြန်အလှန် ကူးလူး ဖလှယ်ရင်း  အာရှကံကြမ္မာအသိုက်အဝန်း၊ လူသားကံကြမ္မာအသိုက်အဝန်း အတူတည်ထောင်ဖို့ တရုတ်နိုင်ငံကတော့ အာရှယဉ်ကျေးမှု ဆွေးနွေးပွဲကို စတင်လိုက်ပါပြီ။  မတူခြားနားတဲ့ ယဉ်ကျေးမှု များဟာ ကမ္ဘာကြီးကို ပိုမို တောက်ပလာစေနိုင်မလား။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံနဲ့ဒေသ ၂၀၀ ကျော်၊ တိုင်းရင်းသား လူမျိုးစု ၂၅၀၀ ကျော်နဲ့ ဘာသာရေး ကိုးကွယ်မှု အမျိုးမျိုးတွေကြားမှာ မတူခြားနားတဲ့ သမိုင်းနဲ့ နိုင်ငံရေးအခြေအနေတွေ၊ မတူ ခြားနားတဲ့ တိုင်းရင်းသား လူမျိုးစုနဲ့ ဓလေ့စရိုက်များဟာ မတူခြားနားတဲ့ ယဉ်ကျေးမှုများကို မွေးထုတ်ထားတာမို့ ယဉ်ကျေးမှုအချင်းချင်း အပြန်အလှန် အတုယူ ကိုးကားမှသာ ယဉ်ကျေးမှုတွေ ရှင်သန်လာပြီး အတူယှဉ်တွဲ နေထိုင်ခြင်းကို တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။ ဒါမှသာလည်း  ယဉ်ကျေးမှု ကူးလူးဖလှယ်ရင်း  နိုင်ငံအသီးသီးက ပြည်သူများရဲ့ ချစ်ကြည်ရေးကို တိုးမြှင့်တဲ့ ပေါင်းကူးတံတား၊ လူသားများ လူမှုရေး တိုးတက်မှုကို တွန်းအားပေးတဲ့ စွမ်းအားနဲ့ ကမ္ဘာ့ ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေး ပေါင်းကူးတံတား ဖြစ်လာနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

                                                                              စုသက်မှူး(မရမ်းကုန်း)