李悅

လစ်ဗျားပြဿနာဆိုင်ရာ ဘာလင်ထိပ်သီးအစည်းအဝေးကျင်းပ

(GMT+08:00)2020-01-20 15:42:55  

လစ်ဗျားပြဿနာဆိုင်ရာ ဘာလင်ထိပ်သီးအစည်းအဝေးကို ယမန်နေ့ ၁၉ ရက်နေ့က ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ ကျင်းပခဲ့ရာ သက်ဆိုင်ရာဘက်အသီးသီးတို့က လစ်ဗျားအား လက်နက်များပို့ဆောင်ရေးပိတ်ဆို့မှုဆိုင်ရာ သဘောတူညီချက်ကို လိုက်နာဆောင်ရွက်ရန် သဘောတူကြကြောင်း၊ လစ်ဗျားအချင်းပွားဘက်တို့အကြား လက်ရှိအပစ်အခတ်ရပ်စဲမှုကို ရေရှည်ငြိမ်းချမ်းတည်ငြိမ်မှု ဖြစ်လာစေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ဆင်ဟွာသတင်း အရသိရပါသည်။

ဂျာမဏီဝန်ကြီးချုပ်မာကယ်လ်က အစည်းအဝေးအပြီးတွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ တက်ရောက်ကြသူများက သေသေချာချာ စေ့စပ်ဆွေးနွေးပြီး အပြုသဘော ဆောင်သော အဆိုပြုချက်များကို အသီးသီးတင်ပြခဲ့၍ လစ်ဗျားပြဿနာ ကိုင်တွယ်ဖြေရှင်း ရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးအပြီးတွင် သက်ဆိုင်ရာသဘောတူညီမှုများနှင့် အောင်မြင်မှုရလဒ်များကို အမြန်ဆုံး လက်တွေ့ဖော်ဆောင်မည့်အပြင် မကြာမီတွင် ရေရှည်တည်ငြိမ်မှု အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ အစည်းအဝေးများကိုလည်း ကျင်းပတော့မည် ဖြစ်ကြောင်း ပြောကြားပါသည်။