馬寧

အမေရိကန်နိုင်ငံရေးသမား အဖြစ်မှန်ကို မဟုတ်မမှန်လုပ်ကြံပြီး မုသားစကားဖန်တီးခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတုံ့ပြန်ပြောဆို

(GMT+08:00)2020-07-07 13:24:07  

  တရုတ်နိုင်ငံမှ ကူးစက်ရောဂါအခြေအနေဆိုင်ရာ သတင်းများထုတ်ပြန်ခြင်းအပေါ် အမေရိကန် နိုင်ငံရေးသမားများက မယုံသင်္ကာဖြစ်မှု ဖေါ်ပြခြင်းကိစ္စကိုရည်ရွယ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံရေးသမားအချို့သည် အဖြစ်မှန်ကို မဟုတ်မမှန် လုပ်ကြံပြီး မုသားစကားကိုဖန်တီးကြောင်း၊ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သရုပ်ပျက်အောင်လုပ်ပြီး ကိုယ့်နိုင်ငံရေးရည်ရွယ်ချက်အတွက် အကျိုးပြုရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ၄င်းတို့အား အဖြစ်မှန်ကို ရိုသေလေးစားပြီး နိုင်ငံရေး ကြိုးကိုင်လုပ်ဆောင်မှုများကိုရပ်စဲရန် လှုံ့ဆော်တိုက်တွန်းကြောင်း ယခုလ ၆ ရက်နေ့က ပေကျင်း ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားပါသည်။

  မကြာခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေးအချိန်ကို update လုပ်လိုက်သည်။ အမေရိကန် အောက်လွှတ်တော် တရုတ်ရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Michael McCaulသည် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ခြင်း၏ အချိန်မီမှုနှင့် ပွင့်လင်းမြင်သာမှု အပေါ် မယုံသင်္ကာ ဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ပြီး ဖေါ်ပြထားပါသည်။ ယင်းနှင့်ပတ်သက်၍ ကျောက်လိကျန်းက လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဝူဟန့်မြို့ ကျန်းမာရေးကော်မတီသည် ၄င်း၏ ဝက်ဆိုက်၌ မျက်မှောက်ဝူဟန့်မြို့အဆုတ်ရောင်ရောဂါ ကူးစက်မှု အခြေအနေဆိုင်ရာ သတင်းပြန်တမ်းကိုထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား အမြန်ဆုံး အချိန်အတွင်း တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ အဖြစ်မှန်မှာ ရှင်းရှင်းလင်းလင်း ဖြစ်ပါကြောင်း ပြောကြားပါသည်။