馬寧

ရှင်းကျန်းနှင့် ပတ်သက်၍ ပွန်ပီအို၏ မုသားစကားသည် ကိုယ့်မျက်နှာကိုရိုက်ခြင်းဖြစ်

(GMT+08:00)2020-07-07 14:04:39  

  မကြာခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပွန်ပီအိုက တရုတ်ပြည် ရှင်းကျန်းစသည့် ဒေသများတွင် “အတင်းအဓမ္မအလုပ်လုပ်ခိုင်းခြင်းနှင့် လူအမြောက်အမြားကို ချုပ်နှောင် ထိန်းသိမ်းထားခြင်း” ရှိကြောင်း သားပုပ်လေလွင့် ထပ်မံပြောဆိုပြီး တရုတ်ပြည်၏ ကြိုတင်ကာကွယ်ရေးသဘောရှိသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒ ပပျောက်စေရေးဆောင်ရွက်ချက်များကို ချိုးချိုးဖဲ့ဖဲ့  ပြောဆိုခဲ့သည်။ ယင်းသည် တရုတ်ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်မှုဖြစ်ပြီး ရှင်းကျန်း၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကိုဖျက်ဆီးရန်၊တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် ထိန်းချုပ်ဟန့်တားရန် ၄င်း၏ ယုတ်မာသော ကြံစည်မှုကိုလည်း ပေါ်လွင်စေခဲ့ကြောင်း၊ အမှန်တကယ်တော့ စုံစမ်းလေ့လာမှုများစွာ၏ ရလဒ်များသည် ပွန်ပီအိုအပါအဝင် နိုင်ငံရေး သမားအချို့မှ ကြံစည်ပြုလုပ်သည့် ယင်းသို့ မုသားစကားများကိုဖွင့်ချဖော်ထုတ်ခဲ့ပြီ ဖြစ်ကြောင်း China Media Groupကဖော်ပြသည်။

  ရှင်းကျန်းနှင့် ပတ်သက်သော ပြဿနာသည် အမေရိကန်ဘက်မှ ပြောဆိုသည့် လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုနှင့် ဘာသာရေးဆိုင်ရာ ပြဿနာမဟုတ်ဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ခွဲထွက်မှုဆန့်ကျင်ရေး ပြဿနာ ဖြစ်ကြောင်း၊ မကြာခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၄ကြိမ်မြောက် အစည်းအဝေးတွင် ၄၆နိုင်ငံတို့သည် ထောက်ခံမဲအရေအတွက် အပြတ်အသတ်ဖြင့် တရုတ်ပြည်၏ ရှင်းကျန်းစီမံအုပ်ချုပ်ရေး မူဝါဒကို ရှင်းလင်းပြတ်သားစွာ အားပေးထောက်ခံကြောင်း ထပ်မံဖော်ပြသည်ဟုသိရသည်။

  ပွန်ပီအိုအပါအဝင် နိုင်ငံရေးသမားအချို့သည် တစ်ဖက်က ရှင်းကျန်း တိုင်းရင်းသား လူမျိုးစုများ၏ အခြေအနေကိုဂရုစိုက်သည်ဟု ဖော်ပြကြောင်း၊ နောက်တစ်ဖက်ကတော့  ဆောင်ရွက်ချက်မျိုးစုံဖြင့် ရှင်းကျန်းကုမ္ပဏီများနှင့် ရှင်းကျန်း၏ အလုပ်အကိုင် နေရာချထားရေးလုပ်ငန်းကို ထိန်းချုပ်ဟန့်တားကြောင်း၊ ယင်းသည် ၄င်းတို့အနေနှင့် ရှင်းကျန်းတိုင်းရင်းသားလူမျိုးစုများ၏ ချမ်းမြေ့သာယာမှုနှင့် အသက်မွေးဝမ်းကျောင်းမှုကို အစမှအဆုံး ဂရုမစိုက်ဘဲ ရှင်းကျန်းကိုဒုက္ခရောက်စေရန်၊ တရုတ်ပြည်ကိုဒုက္ခပေးရန်နှင့် ကိုယ့်အတွက် နိုင်ငံရေးကိုယ်ကျိုးရရှိရန် စိတ်ရောကိုယ်ပါ ဆောင်ရွက်နေခြင်းကို ပြဆိုနေကြောင်းChina Media Groupကဖော်ပြသည်။

  ရှင်းကျန်းတွင် စည်ပင်သာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရှိခြင်းသည် လူအများ တွေ့မြင်နိုင်ကြသောအဖြစ်မှန် ဖြစ်ကြောင်း၊  ပွန်ပီအိုအပါအဝင် နိုင်ငံရေးသမားအချို့၏ အပြုအမူနှင့် အပြောအဆိုများသည် ၄င်းတို့ ကိုယ့်မျက်နှာကိုရိုက်ခြင်းပင် ဖြစ်ပြီး အမေရိကန်၏ အကျပ်အတည်းကိုဆက်တိုက် အရှိန်မြင့်စေမည် ဖြစ်ကြောင်းChina Media Groupကဖော်ပြသည်။