李悅

ဟောင်ကောင်၏ ရွေးချယ်တင်မြှောက်ရေး စနစ် ပြည့်စုံစေရေးကို မလွဲမသွေ ဆောင်ရွက်ရမည်

(GMT+08:00)2021-03-05 15:04:25  

ယခုလ ၄ရက်နေ့က ထုတ်ပြန်သော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး၏ အစီအစဉ်များအရ ယခုအကြိမ် အစည်းအဝေး၏ အရေးကြီးသည့် အစီအစဉ်တစ်ခုမှာ “ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသ၏ ရွေးချယ်တင်မြှောက်ရေး စနစ် ပြည့်စုံစေရေး ဆိုင်ရာ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်၏ ဆုံးဖြတ်ချက်မူကြမ်း”ကို စိစစ်ရန် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဟောင်ကောင် ကျင့်သုံးနေသည့် ရွေးချယ်တင်မြှောက်ရေး စနစ်တွင် ချွတ်ယွင်းချက်ရှိ၍ အရွေးခံ ကိုယ်စားလှယ်လောင်းများကို မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ရသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် ထိရောက်စွာ အာမခံ မပေးနိုင်ကြောင်း၊ တရုတ်ပြည်ကို ဆန့်ကျင်ရေးသမား၊ ဟောင်ကောင်ကို ဒုက္ခရောက်စေရန် ဆောင်ရွက်သူနှင့် ဟောင်ကောင် သီးခြားလွတ်လပ်ရေးသမား အပါအဝင် အစွန်းရောက်အင်အားနှင့် ခွဲထွက်ရေး အင်အားများသည် ချွတ်ယွင်းချက်ကို အသုံးပြုပြီး ရွေးချယ်တင်မြှောက်ခြင်းကို ကြိုးကိုင်ကာ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ စီမံအုပ်ချုပ်ရေး လုပ်ငန်းဌာနများသို့ ဝင်ရောက်ခဲ့ကြောင်း၊ ၄င်းတို့သည် ဟောင်ကောင် သီးခြားလွတ်လပ်ရေး ခံယူချက်ကို ဖြန့်ပြီး သက်ဆိုင်ရာ ဆွေးနွေးရေး အစီအစဉ်များကို မလိုမုန်းထားစိတ်ဖြင့် အနှောင့်အယှက်ပေးကာ ဥပဒေပြုရေးကောင်စီ၏ လည်ပတ်မှုကို ရပ်တန့်စေ၍ ဟောင်ကောင်အား ကြီးမားသည့် ဆုံးရှုံးနစ်နာမှုများကို ရရှိစေပြီး တရုတ် နိုင်ငံတော် လုံခြုံရေးတွင် ဟောင်ကောင်ကို အန္တရာယ်ရှိသည့် ချွတ်ယွင်းချက် တစ်ခု ဖြစ်လာစေကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်မှုများကို တရားဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေး ရှိသည့် နိုင်ငံ တစ်နိုင်ငံ အနေနှင့် လက်မခံနိုင်ကြောင်း၊ ဟောင်ကောင်သည် တရုတ်ပြည်၏ စီမံအုပ်ချုပ်ရေး ဒေသ တစ်ခု ဖြစ်၍ ဟောင်ကောင်၏ ရွေးချယ်တင်မြှောက်ရေး စနစ် ပြည့်စုံစေရေး လုပ်ငန်းကို ဗဟိုအစိုးရ၏ ဦးဆောင်မှု အောက်တွင် ပြုလုပ်သင့်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ချမှတ်ထားသော အုပ်ချုပ်ရေး စနစ်အရ တရုတ်ပြည်၏ အဆင့်အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်သည့် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အနေနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ ရွေးချယ်တင်မြှောက်ရေးစနစ်အပေါ် ဆုံးဖြတ်ချက် ချမှတ်ခြင်းသည် အခွင့်အာဏာဖြစ်ပြီး တာဝန်ဝတ္တရားလည်း ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ဟောင်ကောင်သူဟောင်ကောင်သားများ၏ လိုအင်ဆန္ဒကို အပြည့်အဝ လေးစားခြင်းကို ဖော်ပြသည့်အနေဖြင့် တရုတ် ဗဟိုအစိုးရသည် နှီးနှောဖလှယ်ပွဲ အကြိမ်ပေါင်း များစွာ ကျင်းပပြီး ဟောင်ကောင် စက်မှုနှင့် ကုန်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အလုပ်သမားများ အပါအဝင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် အထူး အုပ်ချုပ်ရေးဒေသ အစိုးရမှ ကိုယ်စားလှယ်များ၏ အမြင်သဘောများကို ကျယ်ပြန့်စွာ ကြားနာကာ “ဟောင်ကောင်ကို မျိုးချစ်ပုဂ္ဂိုလ်က စီမံအုပ်ချုပ်ရေး” စနစ်ဆိုင်ရာ သဘောတူညီမှုကို ရရှိခဲ့ကြောင်း China Media Groupက ဖော်ပြသည်။

တစ်ကမ္ဘာလုံးတွင် စာတမ်းဖြင့် ထုတ်ပြန်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိသည့် နိုင်ငံ ၁၉၀ကျော်တွင် အများစုသည် အစိုးရ ဝန်ထမ်းများအား မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းကာကွယ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာမည်ဟု ကျမ်းသစ္စာကျိန်ဆိုစေလေ့ရှိကြောင်း၊ ဟောင်ကောင်သည် တရုတ်ပြည်၏ အထူးအုပ်ချုပ်ရေး ဒေသ တစ်ခု ဖြစ်၍ ၄င်း၏ စီမံအုပ်ချုပ်ပိုင်ခွင့်ကို မျိုးချစ်ပုဂ္ဂိုလ်များအနေနှင့် ချုပ်ကိုင်သည်မှာ အကြွင်းမဲ့မှန်ကန်သော လောကပါလတရား ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ယခုအကြိမ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေနှင့် ဟောင်ကောင်၏ ရွေးချယ်တင်မြှောက်ရေး စနစ်ကို ပြည့်စုံစေရန် ဆောင်ရွက်ခြင်းသည် ဟောင်ကောင်၏ ဒီမိုကရေစီ စနစ် ပိုမိုရှင်သန်ချောမောစွာ ဖွံ့ဖြိုးတိုးတက်ခြင်းကို အာမခံပေးရန် ရည်ရွယ်ထားကြောင်း China Media Groupက ဖော်ပြသည်။