鄒立瑩

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် အဋ္ဌမအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားမည်

(GMT+08:00)2021-11-29 13:41:00  

ယခုလ ၂၉ ရက်နေ့တွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းတွင် ဗီဒီယိုပုံစံဖြင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် အဋ္ဌမအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရသည်။

 သက်ဆိုင်ရာ စာရင်းအရ တရုတ်ပြည်သည် အာဖရိက၏ အကြီးဆုံး ကုန်သွယ်ဖက် ၁၂ နှစ် ဆက်တိုက် ဖြစ်ကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် တရုတ် လုပ်ငန်းကုမ္ပဏီများသည် အာဖရိကအတွက် အသစ်ဖောက်လုပ် (သို့) အဆင့်တိုးမြှင့်ပေးသော ရထားလမ်းနှင့် ကာလမ်း အရှည်မှာ ကီလိုမီတာ ၁ သောင်းကျော်နှင့် ၁ သိန်းခန့် အသီးသီးရှိကြောင်း၊ တရုတ်ပြည်သည် အာဖရိကန်တွင် အလုပ်အကိုင်နေရာ စုစုပေါင်း ၄ သန်း ၅ သိန်း ကျော်ကို ဖန်တီး ပေးခဲ့ကြောင်း၊ အာဖရိကနိုင်ငံ ၅၂ နိုင်ငံနှင့် အာဖရိက အဖွဲ့ချုပ် ကော်မတီသည် တရုတ်ပြည်နှင့် Belt and Road ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အာဖရိက နိုင်ငံ ၅၃ နိုင်ငံနှင့် အာဖရိက အဖွဲ့ချုပ်အား အရေးပေါ် ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ထောက်ပံ့မှု ပစ္စည်း အသုတ် ၁၂၀ နှင့် ကာကွယ်ဆေးလုံးရေ သန်း ၂၀၀ ခန့် ပေးအပ်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ရှီကျင့်ဖိန်က တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်ကြောင်း၊ အာဖရိကသည် ဖွံ့ဖြိုးဆဲနိုင်ငံ အများဆုံးသော တိုက်ကြီး ဖြစ်ကြောင်း၊ တရုတ်နှင့် အာဖရိကတို့သည် စောစောကပင် အေးအတူပူအမျှ ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်လာပြီ ဖြစ်ကြောင်း၊ မိမိတို့သည် အာဖရိက ပြည်သူများနှင့် ပိုမိုရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ပြီး လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးရန်အတွက် စံနမူနာကို စိုက်ထူလိုကြောင်း ပြောကြား ခဲ့သည်။