• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် နယူးဇီလန်၌ ခရီးလှည့်လည်

(GMT+08:00) 2017-03-27 10:57:20

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် နယူးဇီလန် ဝန်ကြီးချုပ် အင်ဂလစ်ရှ်၏ ဖိတ်ကြားချက်အရ ယခုလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ နယူးဇီလန်၌ တရားဝင် ခရီး လှည့်လည်နေကြောင်း၊ နှစ်ဖက်တို့သည် စီးပွါးကုန်သွယ်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ သိပံ္ပနည်းပညာ စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို ချုပ်ဆိုမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသားထား ပါသည်။

တရုတ်-နယူးဇီလန် သံအဆက်အသွယ် ထားရှိခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် အရှိန်ထိုး တိုးတက်လာပြီး နိုင်ငံရေးစနစ် မတူခြားနားသည့် နိုင်ငံကြီးနှင့် နိုင်ငံငယ်အကြား အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ ဖြစ်လာပြီ ဖြစ်ကြောင်း၊ နယူးဇီလန် နိုင်ငံသည် တရုတ်ပြည်၏ လုံးဝ ဈေးကွက် စီးပွါးရေး အဆင့်နေရာကို ပထမဦးဆုံး အသိအမှတ် ပြုသည့် နိုင်ငံ ဖြစ်ပြီး တရုတ်ပြည်နှင့် နှစ်ဖက် လွတ်လပ်သောကုန်သွယ်ရေးဇုန် သဘောတူစာချုပ်ကို ပထမဦးဆုံး ချုပ်ဆိုပြီး ပထမဆုံး ဖေါ်ဆောင်ခဲ့သည့်နိုင်ငံ ဖြစ်ကြောင်း၊ ထို့ပြင် နယူးဇီလန် နိုင်ငံသည် ပထမဦးဆုံးသော ရှေ့ဆောင်အဖွဲ့ဝင်နိုင်ငံ အဖြစ် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်တွင် ပါဝင်သော ဖွံ့ဖြိုးပြီးအနောက်နိုင်ငံလည်း ဖြစ်ကြောင်း သိရပါသည်။

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးအတွက် အခွင့်အလမ်းသစ်နှင့် စွမ်းအင်သစ်များကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို လက်တွဲ တိုးချဲ့သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဆောင်းပါးတွင် ရေးသားဖေါ်ပြထားပါသည်။

   Webradio