• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါဝင်ဆင်နွှဲ တရုတ်နွေဦးပွဲ

(GMT+08:00) 2018-02-14 15:34:27

တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်-- ဒီပွဲတော်က ကျွန်တော် တရုတ်နိုင်ငံတကာ အသံလွှင့်ဌာန(CRI)၀န်ထမ်းအဖြစ်နဲ့ ဒုတိယအကြိမ် ဆုံတွေ့ရတဲ့ပွဲ။ သူ့ဓလေ့ သူ့ရိုးရာ နှင့်မို့ ပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်တွေထဲက တစ်ပွဲပေါ့။ ဒီနှစ်တော့ ဒီနွေဦးပွဲကို စိတ်လို လက်ရ ပါဝင်ဆင်နွှဲဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ရောက်စဆိုတော့ ယောင်လည်လည်။ ဒီနှစ် တော့ ရောက်စနှစ်နှင့်စာရင် နည်းနည်းလည်လာပြီပေါ့လေ။ ဒါပေမယ့် အထင်တော့မကြီး ပါနဲ့။ ဟိုမေး သည်မေး မေးတတ် သွားတတ် လာတတ်လုပ်တတ်ရုံမျှသာ။

ဒီပွဲက မြန်မာနိုင်ငံမှာလိုဆိုရင်တော့ သင်္ကြန်ပွဲလိုပေါ့လေ။ ဒါပေမယ့်ဒီမှာ ထူး ခြားတာက နောက်တစ်နှစ်ကိုကူးသွားရင် အဲဒီနှစ်ကိုကိုယ်စားပြုမယ့် နှစ်နံအကောင်တွေ ပြောင်းသွားတာပဲ။ ဒီလို နှစ်ကိုကိုယ်စားပြုတဲ့ တိရိစ္ဆာန်အကောင်လေးတွေက (၁၂) ကောင် ရှိတယ်ဆိုပဲ။ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ၀က် တို့ဖြစ်ပြီး  ဒီနှစ်က ခွေးနှစ်တဲ့။ ခွေးနှစ်ဆိုတော့ စီးပွားလာဘ်လာဘတွေ တိုးတက်မယ်။ ခွေးဟောင်သံကို တရုတ်လို "၀မ့်" (Wang`) လို့ ခေါ်ပြီး ပြည့်စုံကြွယ်ဝမယ်လို့ အနက် အဓိပ္ပါယ်ဆောင်တယ်လို့ ဒီက ဌာနေ၀န်ထမ်းတွေက ရှင်းပြကြတယ်။ ဘယ်လိုပင်ဆိုစေ ကျွန်တော်ကတော့ များစွာသဘောကျမိတယ်။ လူတွေဟာ ယုံကြည်ချက်နှင့် အသက်ရှင် ကြရတာမို့ သူတို့ယုံကြည်ရာနှင့်အသက်ရှင်ရရင် လူ့ဘ၀ဟာ ပြည့်စုံတယ်လို့ထင်မိ တယ်။ ဒါကြောင့် သူတို့ရဲ့ဓလေ့ထုံးစံကို ကျွန်တော် နှစ်သက်မြတ်နိုးမိတာအမှန်ပါ။

      ညဘက် လမ်းထွက်လျှောက်ရင် ပီကင်းမြို့ရဲ့ ၀န်းကျင်တခိုအနှံ့ သစ်ပင်တို့နှင့် လွှမ်းခြုံထားတယ်ဆိုပေမယ့် နွေဦး သရုပ်ပီပြင်စွာ အပင်တွေက ရိုးတံကျဲကျဲနှင့် အကျည်း တန်တယ်လို့ ထင်မိချင်စရာ။ ဒါပေသိ။ ဒီလိုမြင်ကွင်းကြားမှာ နွေဦးပွဲတော်ရဲ့ ရောင်စုံမီးပုံ တွေက နေရာယူထားလိုက်တော့ ပီကင်းမြို့ရဲ့ ညအလှဟာ ဘယ်လို စာပန်းချီစီသော်မှ မီနိုင်မယ်မထင်ပါဘူး။ အရမ်းကို စွဲဆောင်မှုရှိရှိနဲ့ လှပနေတာပါ။ ဒီလိုရောင်စုံမီးပုံတွေကြား ဖြတ်သန်းသွားမိရင်ကို ဖြတ်သန်းသွားသူတို့စိတ်ထဲမှာ တခမ်းတနားနဲ့ ခန့်ညားလှပနေ တယ်လို့ ထင်မိသည်အထိ နွေဦးပွဲတော်ရဲ့သရုပ် ရောင်စုံမီးပုံးတွေက တကယ်လှပနေတာ ပါ။ ဒါကလည်း နွေဦးပွဲတော်အလှတွေထဲက တစ်ခုပေါ့။

          နောက်နှစ်သစ်ကူးမှာ မိသားစုတွေဆုံပြီး မိတ်ဆုံစားပွဲပြုလုပ်တာတို့၊ ဖတ်ထုပ် လုပ်စားတာတို့ကလည်း နွေဦးပွဲတော်ရောက်တိုင်း မိသားစုတွေပြုလုပ်လေ့ရှိတဲ့ ချစ်စရာ ရိုးရာဓလေ့တစ်ခုပါ။ မိသားစုတွေဟာ ဘယ်လောက်ပင်ဝေးကွာနေကြပါစေ၊ နှစ်သစ်ကူး နွေဦးပွဲတော်ရောက်ရင်တော့ ပြန်လည်တွေ့ဆုံကြပြီး မိသားစုတွေရဲ့ စည်းလုံးခြင်း ချစ်ခြင်း တရားတွေကို ပြသကြပါတယ်။ ဒီလိုလုပ်ခြင်းက ရိုးရာတစ်ခုဆိုတာထက် မိသားစုတွေရဲ့ ချစ်ခြင်းတရားကို ပိုမိုခိုင်မာစေမယ်လို့ ထင်မိပါတယ်။ နှစ်သက်မြတ်နိုးစရာ ဓလေ့တစ်ခု လို့ ဆိုပါရစေ။

ဒါနဲ့အတူ လူကြီးမိဘတွေကို ကန်တော့တာ၊ လူကြီးမိဘတွေက ကလေးတွေ ကို မုန့်ဖိုးပေးတာတွေပါသေးတယ်။ လူကြီးမိဘတွေက ကလေးတွေအတွက် မုန်ဖိုးပေး တာကို တရုတ်လို အန်ပေါင်း (An pao)လို့ခေါ်ပြီး "သက်စောင့်ငွေ" လို့ အဓိပ္ပါယ်ရပါတယ် တဲ့။ ကျန်းမာသက်ရှည်ရွှင်လန်းပျော်ရွှင်စေလိုတဲ့ ရည်ရွယ်ချက်တွေနှင့် ပေးကြတာဖြစ် တယ်လို့ ဌာနေ၀န်ထမ်းတွေက ရှင်းပြတယ်။ ဒါကိုလည်း ကျွန်တော် သဘောကျမိတယ်။ ကျွန်တော်တို့ဆီမှာလည်း လူကြီးမိဘကန့်တော့တာတို့၊ မုန်ဖိုးပေးတာတို့ရှိတာပဲ။ ဒါပေ မယ့် ဒီလိုရည်ရွယ်ချက်ကောင်းတွေ မပါဘူးလို့ ယူဆမိတယ်။ လူကြီးမိဘ မုန့်ဖိုးပေးတဲ့သူ က ချစ်ခင်လို့ပေးတယ်။ ယူတဲ့သူကလည်း ယူပြီး သုံးချင်ရာသုံးပစ်တယ်။ ဘယ်ရည်ရွယ် ချက်ကောင်းမှမပါဘူး။ အပွင့်လင်းဆုံးပြောရရင်တော့ ကျွန်တော်တို့ ဒီက မုန့်ဖိုးပေးတဲ့ ဓလေ့နှင့်ရည်ရွယ်ချက်ကောင်းတွေကို အတုယူသင့်တယ်လို့ ထင်မိတယ်။

တရုတ်နှစ်သစ်ကူးမှာ ပြုလုပ်လေ့ရှိတဲ့ ဓလေ့တစ်ခုရှိသေးတယ်။ အဲဒါက ဗျောက်အိုးဖေါက်တာတို့ မီးရူးမီးပန်းပစ်လွှတ်တာတို့ဖြစ်ပါတယ်။ ဒီလိုလုပ်တာကလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေဖို့ မကောင်းတဲ့ မိစ္ဆာနိမိတ်တွေ ပျောက်ကွယ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေရှိတယ်လို့သိရပါတယ်။ ဌာနေ၀န်ထမ်းတွေရဲ့ပြောပြတဲ့ ဒဏ္ဍာရီ အရဆို ရှေးတုန်းက "နျန်"လို့ခေါ်တဲ့ ကြမ်းတမ်းခက်ထန်လှတဲ့ သတ္တ၀ါကြီး တစ်ကောင် ရှိတယ်တဲ့။ ဒီသတ္တ၀ါကြီးဟာ နှစ်စဉ် နှစ်ကုန်မယ့်နောက်ဆုံးရက်မှာ ထွက်လာပြီး လူတွေကို ခြောက်လန့်ဒုက္ခပေး၊ လယ်ယာတွေကို ဖျက်စီးလေ့ရှိတာကြောင့် အဲဒီရက်မှာ လူတွေဟာ သူ့ကို ကြောက်လန့်ပြီး ထွက်ပြေးကြရတယ်။

ဒါပေမယ့် တစ်နှစ်မှာဖြစ်ချင်တော့ ဒီသတ္တ၀ါကြီးထွက်လာတဲ့အချိန်မှာ အိမ် တစ်အိမ်ရဲ့ တံခါးဝမှာ အနီရောင်အ၀တ် လှန်းထားပြီး ကလေးတွေကလည်း ၀ါးကို မီးဖုတ် ဆော့ကစားနေကြတယ်။ အဲဒီမှာ"နျန်"ဆိုတဲ့ သတ္တ၀ါကြီးဟာ အနီရောင်၊မီးရောင်နှင့် ပေါက် ကွဲသံကို ကြောက်ရွံ့ပြီးထွက်ပြေးသွားသတဲ့။ ဒါကို သိသွားကြတဲ့လူတွေဟာ နောက်နှစ် နှစ်သစ်ကူးတဲ့အခါတိုင်း သူတို့တွေရဲ့အိမ်တွေမှာ အနီရောင်စာတန်းတွေကပ်တာတို့၊ အနီရောင်မီးဖုန်းတွေ ချိတ်ဆွဲကြပြီး မီးရူးမီးပန်းဗျောက်အိုးတွေ ပစ်ဖောက်ကြတော့တယ်။ အဲဒီအခါ "နျန်"ဆိုတဲ့ သတ္တ၀ါဆိုးကြီးရဲ့ ဘေးအန္တရာယ်ကလည်း ကင်းဝေးသွားပါတယ်တဲ့။  အဲဒီကစပြီးတော့ တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးတိုင်းမှာ အနီရောင် စာကပ် တာတို့ မီးပုံးချိတ်ဆွဲ တာတို့၊ ဗျောက်အိုးပစ်ဖောက် ဆိုတဲ့ ဓလေ့ဖြစ်ပေါ်လာတာလို့ သိရပါတယ်။ အရင်နှစ်တွေက ဒီလိုအချိန်ဆို တစ်မြို့လုံး အုံးအုံးကျွတ်ကျွတ် မီးပန်းတွေ၊ ဗျောက်အိုး ဖောက်ကြပြီပေါ့။ ဒီနှစ်တော့ သိပ်ပြီးအသံမကြားရဘူး။ ဘာကြောင့်လဲဆိုတာ မေးကြည့် တော့ မြို့ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုအရ ဆင်ခြေဖုံးတွေမှာပဲ မီးရူးမီးပန်း ဗျောက်အိုးတွေ ဖောက်ခွင့်ရပြီး မြို့တွင်းမှာတော့ တားမြစ်ထားတယ်လို့သိရပါတယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ရသက တော့ ပျက်မသွားပါဘူး။ ပိုပြီး အဓိပ္ပါယ်ပြည့်ဝလှပနေဆဲပါပဲ။ တရုတ်ရိုးရာ ဓလေ့တွေ ထုံမွှန်းနေတဲ့ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရတာကပဲ ကျွန်တော့်အတွက် တန်ဖိုးဖြတ်မရနိုင်တော့ပါဘူး။ ဒီလို နွေဦးပွဲတော်နှင့်ပတ်သက်တဲ့ ရိုးရာ ဓလေ့ထုံးစံတွေကို သိခွင့်ရခဲ့တယ်။  နွေဦးပွဲတော်အတွင်း လည်ပတ်လေ့လာရတဲ့ ရှုခင်း အလှနှင့် မြို့ပကာသနကြွယ်ဝမှုတွေကလည်း အများကြီးပဲ။   ခရီးသွားရင်း နွေဦးပွဲတော် နွှဲပျော်ရတာကို မေ့နိုင်တော့မယ်မထင်ပါ။ တရုတ်ပြည်ရဲ့ရေမြေ၊ လူမျိုးတွေရဲ့ကြားမှာ သူတို့တွေနှင့်အတူ နှစ်သစ်ကူးနွေဦးပွဲတော်ကို ဖြတ်သန်းခွင့်ရခဲ့ရတဲ့ အခိုက်အတန့် လေးဟာ ကျွန်တော့်ဘ၀တစ်သက်တာမှာ မှတ်မှတ်ရရတစ်ခုအနေနဲ့ မှတ်မှတ်ထင်ထင် ကျန်ရစ်နေတော့မှာ အသေအချာပါပဲ။ ဒီနှစ် နွေဦးပွဲတော် နွှဲပျော်ရင်းနဲ့ စိတ်ထဲက ရေရွက် ဆုတောင်းလိုက်မိတာက နှစ်သစ်တိုင်းမှာ တရုတ်ပြည်ကြီးနှင့် တရုတ်ပြည် သူများအားလုံး အေးချမ်းသာယာပျော်ရွှင်နိုင်ကြပါစေလို့-------

 

                                           အောင်မာန် (ဆော)

   Webradio