• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

" တတိယလူ" ( Third People) " (အတွေးအမြင်စာစု)

(GMT+08:00) 2018-05-15 16:11:32

ကျနော် အခုနောက်ပိုင်း အသက်အရွယ်ကြောင့်လား၊ ရင့်ကျက်လာမှုကြောင့် လား၊ အတွေ့အကြုံများလာလို့လားတော့မသိဘူး။ သတိထားမိတာတစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့  "တတိယလူ "ဆိုတဲ့ စကားအိမ်အဖြည့်ခံရသူတွေအကြောင်းပါ။   

            ဟုတ်ပါတယ်။ ကျနော်တို့ တစ်ယောက်နှင့်တစ်ယောက် စကားပြောကြတဲ့ အခါမှာ ဒီ"တတိယလူ"ဟာ များသောအားဖြင့် ပါဝင်နေတတ်တယ်။ သတိထားကြည့်ပါ။ ကျနော်တို့ တစ်ယောက်ယောက်နှင့်ကြုံလို့ဆုံလို့ စကားပြောကြတဲ့အခါ အစပထမတော့ တစ်ယောက်အကြောင်းတစ်ယောက်က ရင်းနှီးမှုအရမေးမြန်းပြောဆိုတတ်ကြပြီး စကား အရှိန်ရလာနဲ့ ကိုယ့်အကြောင်းထင်မက ပြင်ပက လူတစ်ယောက်အကြောင်း၊ ဒါမှမဟုတ် ကိုယ်နှင့်ခင်မင်ရင်းနှီးသူ အခြားမိတ်ဆွေတစ်ယောက်အကြောင်း စသဖြင့် တစ်စုံတစ် ယောက်ထံကို စကားလမ်းကြောင်းက ရောက်သွားတတ်ကြတယ်။ ဒီတော့ ဒီစကားဝိုင်းမှာ မပါပေမယ့် သူ့အကြောင်းကို ပြောနေတာဖြစ်တဲ့အတွက် အဲဒီသူကို "တတိယလူ"လို့ သတ် မှတ်လို့ရတယ်။ ပြောရရင်တော့ စကားအိမ်အဖြည့်ခံရသူပေါ့။ တစ်ခါတစ်ခါ စကားအရှိန်ရ လာလို့ပြောကြရင်ဖြင့်  ဒီလို "တတိယလူ "တေအကြောင်း အများကြီးပါဝင်သွားတတ်ကြ တယ်။

       ဒီတော့ ကျနော်တို့ ဒီ "တတိယလူ" အကြောင်းပြောရာမှာ ဘာတွေကို အများဆုံး ပြောကြလေ့ရှိသလဲ။ စဉ်းစားသုံးသပ်ကြည့်ရအောင်ပါ။  ကျနော်တို့ဟာ ဒီ"တတိယလူ"ရဲ့ အကြောင်းကို အများအားဖြင့်တော့ ကောင်းတဲ့အချက်တွေထက် မကောင်းတဲ့အချက်တွေ ကို ပိုပြောမိတတ်ကြတယ်။  ( တမင်ရည်ရွယ်ပြီး ဒါ့မှမဟုတ် အမှုမဲ့အမှတ်မဲ့သဘောမျိုးပေါ့)  ဒါဟာ လူ့သဘာဝဖြစ်စဉ်အလေ့အထကြီးလိုဖြစ်နေတယ်။ အစပိုင်းတော့ ကောင်းတာလေး တွေရွေးပြောနေတတ်ကြပေမယ့် တစ်ဖြည်းဖြည်းနဲ့ မကောင်းတဲ့အချက်တွေကို ရောက် ရောက်သွားတတ်ကြတယ်။ ပြောရရင်တော့ အားနည်းချက်တွေကို ပြောမိတတ်ကြတယ် ပေါ့။ ဒါဟာ တစ်ယောက်စနှစ်ယောက်စမဟုတ်ဘူး။ လူတိုင်းနီးပါးလောက်ပြောမိ တတ်ကြ တယ်။ တကယ်လို့ မပြောမိသူရှိရင်တော့ အဲဒီသူဟာ တကယ့်ကိုရင့်ကျက်တည်ငြိမ်ပြီးသူ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုလူတွေကိုတော့ ကျနော်တို့လေးစားရပါလိမ့်မယ်။ ဘာလို့ဆို သူတို့ ရဲ့အမူအကျင့်တွေက ကျနော်တို့ထက် ကောင်းမွန်နေလို့ပါ။ အတုလည်းယူသင့်ပါတယ်။

            တစ်ခါတစ်ရံမှာ ကျနော်တို့ဟာ "တတိယလူ"အကြောင်းကို အလုပ်သဘော အရ ပြောရတာတွေလည်းရှိတတ်တယ်။ အဲဒီအခါမှာလည်း ကျနော်တို့ဟာ အဲဒီသူရဲ့ အားသာချက်ထက် အားနည်းချက်တွေကို ပြောမိတတ်ကြပြန်တယ်။  တမင်မရည်ရွယ် ပေမယ့်လည်း အကြောင်းပြချက်တစ်ခုခုကြောင့် ပြောမိတတ်ပါတယ်။ ဒါဟာ ဘာလဲဆို တော့ လူတိုင်းဟာ "ခြောက်ပြစ်ကင်း သဲလည်းစင်" မရှိသလို လူတိုင်းဟာ  "ချီးမွှမ်းဖို့ ထက်  ကဲ့ရဲ့ပြစ်တင်ဖို့ လွယ်တယ်" ဆိုတဲ့သဘောကို ဆောင်နေကြလို့ပါ။ လူတိုင်းမှာ အားနည်း ချက်၊ အားသာချက်၊ ကောင်းတဲ့အချက်၊ မကောင်းတဲ့အချက်တွေ ကိုယ်စီရှိတတ်ကြတယ်။ ဒီတော့ ကျနော်တို့ ဒီ"တတိယလူ"အကြောင်းကို ပြောတဲ့အခါမှာ ဘယ်အချက်တွေကို ပိုပြီး ပြောသင့်ကြသလဲ။

        ကျနော်တို့ကိုယ်တိုင်လည်း "တတိယလူ"အဖြစ် စကားအိမ်တွေမှာအဖြည့်ခံရမှာ ပဲ။ အဲဒီအခါ ကျနော်တို့အကြောင်းတွေကို ဘာတွေပြောစေချင်သလဲ။ ကောင်းတဲ့အချက် တွေ၊ အားသာချက်တွေပဲ ပြောစေချင်မှာပေါ့။ မဟုတ်ဘူးလား။ ဘယ်သူမှတော့ ကိုယ့်ရဲ့ မကောင်းတဲ့အချက်၊ အားနည်းချက်တွေကို စကားအဖြစ် အပြောမခံလိုကြပါဘူး။ ဒီလိုဆို ကျနော်တို့ကိုယ်တိုင်ကလည်း "တတိယလူ"အကြောင်းကိုပြောတဲ့အခါမှာ ကိုယ်အပြောခံ ချင်သလို သူ့ကိုလည်း ကောင်းတဲ့အချက်တွေ၊ အားသာတဲ့အချက်တွေကို ပိုပြောသင့်ကြ တာပေါ့။ ကိုယ်မကြိုက်တဲ့အချက်တွေ သူ့ကိုလည်း မပြောပဲနေရမယ်။ ကိုယ်မှ မကြိုက်တာ။ သူလည်း မကြိုက်နိုင်ဘူးလေ။ ဒါဟာ ကိုယ်ချင်းစာတရားပါ။

နောက်တစ်ခုက "သူများဂုဏ်မြှင့် ကိုယ့်ဂုဏ်မြင့်၏"တဲ့။ ဒီစကားလိုပဲ တပါးသူရဲ့ ဂုဏ်ကို အမွမ်းတင်မြှင့်ပေးတာနှင့် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်တိုင်လေးစား တန်ဖိုးထားမှု၊ ကိုယ့်ရဲ့အမူအကျင့်တွေပါ အရောင်ထွက်ဂုဏ်မြင့်လာစေပါတယ်။ လူအများ အလယ်မှာလည်း ရဲရဲဝင့်ဝင့် မျက်နှာထွက်ပြရဲတယ်။ ဘာလို့လဲ အဲဒီလူတွေထဲမှာ ကျနော် တို့ "တတိယလူ"အဖြစ် ကောင်းသတင်းတွေကို ချီးမွှမ်းဂုဏ်ပြုစကားပြောထားဖူးသူတွေပါ နေမှာမို့ပါ။ တကယ်လို့ ကျနော်တို့ မကောင်းသတင်းပြောထားတာတွေ များနေရင်တော့ မျက်နှာပြရမှာ ရှက်ဝံ့စရာကြီးဖြစ်နေမှာပါ။

ဒီတော့ "တတိယလူ" ကို တန်ဖိုးထားပါ။ လေးစားပါ။ ဂုဏ်မြှင့်ပါ။ သူဟာ ကိုယ့် အတွက် များစွာအရေးကြီးတဲ့ လူ့ပုဂ္ဂိုလ်တစ်ဦးဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့။ သူကိုယ်တိုင် လည်း ကိုယ့်ကို "တတိယလူ" အဖြစ် စကားအိမ်ဖြည့်ပြောနေနိုင်ပါတယ်။ အဲဒီအခါ သူဘာ ပြောမလဲ။ ကိုယ်ပြောခဲ့တဲ့အတိုင်း သူပြောပါလိမ့်မယ်။

နောက်တစ်ချက် ကျနော်တို့ သတိထားသင့်တာက ကိုယ်နှင့်စကားလက်ဆုံ ကျနေသူပါ။ သူဟာ ဘယ်လောက်ယုံကြည်ရလဲ။ တစ်ခါတစ်ရံမှာ သူဟာ "တတိယလူ" အကြောင်းကို စပေးပြီး ကိုယ့်ဆီက စကားနှိုပ်တတ်တယ်။ စကားနှိုပ်ပြီး ကိုယ့်ကို အဲဒီ "တတိယလူ" နှင့် အမုန်းမီးမွှေးပေးတတ်တယ်။ ဒါတွေကို ကျနော်တို့လူ့မှုဝန်းကျင်မှာ မကြာ ခဏတွေ့မြင်နေရတတ်တယ်။ ဒီလိုအမူအကျင့်ကို ကိုယ်ကိုယ်တိုင်လည်း မလုပ်သင့်သလို ဒီလိုအမူအကျင့်ရှိသူတွေကိုလည်း သတိထားရှောင်ကြဉ်သင့်ပါတယ်။

ဒီ"တတိယလူ"တွေအကြောင်းကို ကျနော်တို့ အသက်ရှင်နေသရွေ့ ပြောမိနေ ကြဦးမှာပါ။ ကျနော်တို့ကိုယ်တိုင်လည်း တတိယလူအဖြစ်နဲ့ စကားအိမ်အဖြည့်ခံနေဦးမှာ ပါ။ ဒီအတွက်ကြောင့် "တတိယလူ"ဟာ လူ့မှုအသိုင်းအ၀ိုင်း၊ လူမှုဆက်ဆံရေးအတွက် ဘယ်လောက်အထိ အရေးပါနေတယ်ဆိုတာ ကျနော်တို့တွေမေ့ထားလို့မဖြစ်ပါဘူး။ ဒီ"တတိယလူ"ဟာ ကျနော်တို့ရဲ့ အမူအကျင့်တွေနှင့် တိုက်ရိုက်ဆက်စပ်နေပြီး နေ့စဉ်နှင့် အမျှ ဆန်းစစ်ပေးနေတယ်။ ရင့်ကျက်မှုနှုန်း အနိမ့်အမြင့်ကို ခွဲခြားပေးနေတယ်။  ဒီတော့ ကျနော်တို့ရဲ့ နေ့စဉ်လူ့မှုဆက်ဆံရေးနယ်ပယ်ကိုလွှမ်းမိုးထားတဲ့ ဒီ"တတိယလူ" အကြောင်း ကို မပြောမဖြစ် ထည့်ပြီးပြောကြမယ်ဆိုရင်တော့ ကောင်းတဲ့အချက်ကလေးတွေကို ရှာဖွေ ကြည့်ရှုပြီး ကောင်းတဲ့အမြင်လေးတွေနဲ့ ကောင်းတာလေးတွေကိုသာ ပြောကြနိုင်ကြပါ စေလို့ ဆန္ဒပြုရင်းဖြင့်သာ-------

                                             အောင်မာန်(ဆော)

                                               ၁၅-၅-၂၀၁၈

   Webradio