• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်လေးနိုင်ငံဖိတ်ခေါ် ယူ-၂၁ ပြိုင်ပွဲတွင် မြန်မာယူ-၂၁ အသင်း ပါဝင်ယှဉ်ပြိုင်မည့်အပေါ် MFF မှ အမှုဆောင်အရာရှိချုပ် ဦးဖုန်းနိုင်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်

(GMT+08:00) 2018-08-13 13:55:56

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် စက်တင်ဘာလ (၄)ရက်နေ့မှ (၈)နေ့အထိ ကျင်းပမယ့် လေးနိုင်ငံဖိတ်ခေါ်ဖလား ယူ-၂၁ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်ယူ-၂၁အသင်း ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ အဆိုပါ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာယူ-၂၁အသင်းနဲ့အတူ အိမ်ရှင်တရုတ်ယူ-၂၁အသင်း၊ ဥဇဘတ်ကစ္စတန်ယူ-၂၁ အသင်းနဲ့ တာဂျစ်ကစ္စတန်ယူ-၂၁အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အခုလို လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့ မြန်မာယူ-၂၁အသင်းရဲ့ ပြင်ဆင်နေမှု အခြေအနေ၊ အသင်းအပေါ်မျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  မှ အမှုဆောင်အရာရှိချုပ် ဦးဖုန်းနိုင်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြပေးလိုက်ပါ တယ်။

 

မေး----မင်္ဂလာပါခင်ဗျ---

ဖြေ--- ဟုတ်ကဲ့ မင်္ဂလာပါ ညီလေး။

မေး---- ဟုတ်ကဲ့။ အခုမြန်မာယူ-၂၁အသင်းအနေနဲ့ တရုတ်နိုင်ငံမှာကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဖလား အသက် ၂၁အောက်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့သိရပါတယ် ခင်ဗျ။ ဒီတော့ ဒီပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကို သိရပါရစေခင်ဗျ။

ဖြေ--- အဓိကကတော့ လူငယ်အသင်းတွေအနေနဲ့ ပြိုင်ပွဲမပြတ်ယှဉ်ပြိုင်စေချင်တဲ့ ဆန္ဒကြောင့်ပါ။ နောက်တစ်ခုကတော့ ၂၀၁၉ခုနှစ်မှာလုပ်မယ့် ဆီးဂိမ်းပြိုင်ပွဲပေါ့နော်။ အဲဒီ အတွက် ကျွန်တော်တို့က အသင်းကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပါ။

မေး--- ဟုတ်ကဲ့ပါခင်ဗျ။ အခု ပြိုင်ပွဲဝင်မယ့် ယူ-၂၁အသင်းရဲ့ ပြင်ဆင်ခဲ့မှုအခြေအနေနဲ့ လက်ရှိ လေ့ကျင့်နေမှုအခြေအနေကရော ဘယ်လိုရှိမလဲခင်ဗျ။

ဖြေ--- ဒီပြိုင်ပွဲက ကျွန်တော်တို့ကို ရက်ကပ်ပြီးမှ ဖိတ်တာဖြစ်တဲ့အတွက် ယူ-၂၁အသင်း ကို  ပြန်လည်ဖွဲ့စည်းပြီးတော့ နည်းပြချုပ် ဦးကြည်လွင်၊ လက်ထောက်နည်းပြ ဦးကျော်လွင်၊ နည်းပြ ဦးချစ်နိုင်တို့နဲ့ (၃)ပတ်လောက် လေ့ကျင့်ပြင်ဆင်ပြီးတော့ ပြိုင်ပွဲကို ၀င်ရောက်ယှဉ် ပြိုင်မှာပါ။

မေး--- ဟုတ်ကဲ့ပါ။ ဒီပြိုင်ပွဲမှာ တရုတ်ယူ-၂၁အသင်း၊ ဥဇဘတ်ကစ္စတန်ယူ-၂၁အသင်းနဲ့ တာဂျစ်ကစ္စတန်ယူ-၂၁အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ မြန်မာယူ-၂၁အသင်း အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရသွားမယ်လို့ ထင်မြင်ပါသလဲ။ နောက်တစ်ခါ မြန်မာ ယူ-၂၁ကို  ဒီပြိုင်ပွဲကနေ ဘယ်လောက်အထိ မျှော်မှန်းထားလဲခင်ဗျ။

ဖြေ--- ဒီပြိုင်ပွဲက ဖိတ်ခေါ်ပြိုင်ပွဲလည်းဖြစ်တယ်။ ကစားတဲ့အသင်းတွေကလည်း အာရှ မှာတော်တော်လေး အဆင့်မြင့်တဲ့အသင်းတွေဖြစ်တယ်။ ကျွန်တော်တို့သွားရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အတွေ့အကြုံအတွက်သွားမှာဖြစ်ပါတယ်။ ရည်မှန်းချက်အနေနဲ့ ကတော့ ပထမဆုရရမယ်။ ဒုတိယဖြစ်ရမယ်လို့ မျှော်မှန်းမထားပါဘူး။ လူငယ်ကစားသမား အသစ်တွေပေါ်ထွက်လာဖို့ပဲ အဓိကမျှော်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ Target က ဆီးဂိမ်းကို Target ထားပါတယ်။ နောက်နှစ်မှာကစားမယ့် အရှေ့တောင်အာရှအားကစား ပွဲမှာ ကျွန်တော်တို့အသင်း အောင်မြင်မှုရဖို့ အခုကတည်းကပြင်တာပါ။

မေး---ဟုတ်ကဲ့ပါ။ ယူ-၂၁ အသင်းအနေနဲ့ ဒီပြိုင်ပွဲမတိုင်ခင်ကရော ဘယ်လို ပြင်ဆင်ထား တာတွေ ရှိလဲ။ ကစားသမားတွေရဲ့ ခြေစွမ်းအခြေအနေကို စမ်းသပ်နိုင်ဖို့အတွက်ပေါ့။

ဖြေ--- ကျွန်တော်တို့က ယူ-၂၁အသင်းကို အသင်း(၂)သင်းလောက်နဲ့ ဖွဲ့ထားတာ။ အဲ တော့ ယူ-၂၁အသင်းဆိုတဲ့ နာမည်နဲ့ဆိုရင်တော့ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတစ်ပွဲ ကစားထားပါတယ်။ နောက်ပြီးတော့ ဘရူနိုင်းဘုရင့်ဖလားပွဲ ကစားထားပါတယ်။ အဲဒီတော့ အဲဒီနှစ်ပွဲစလုံးမှာတော့ ထိုက်သင့်တဲ့အောင်မြင်မှုတော့ရ ထားပါတယ်။ ဥပမာ ဆီးမီးဖိုင်နယ်လိုအဆင့်မျိုး၊ တတိယ၊ စတုတ္ထလိုနေရာမျိုး ကျွန်တော် တို့ ရထားပါတယ်။

မေး---  ဟုတ်ကဲ့ပါ။ ဒီလိုဆို ပြီးခဲ့တဲ့ ပြိုင်ပွဲတွေအရ ကြည့်မယ်ဆိုရင် လူငယ်ကစား သမားတွေရဲ့ ခြေစွမ်းအနေနဲ့ကရော အားရကျေနပ်မှုရှိတယ်လို ပြောလို့ရနိုင်လား။

ဖြေ--- အင်း  အားရကျေနပ်မှု ရှိလားဆိုတော့ အားရကျေနပ်မှုကတော့ မရှိသေးဘူး။ ဒါပေမယ့် ဆက်ပြီးတော့ ပြင်ဆင်သွားမယ်ဆိုရင်တော့ တောင့်တင်းတဲ့ အသင်းဖြစ်လာမှာ ပေါ့။ ဒါကြောင့်မို့လည်း ကျွန်တော်တို့က ဖိတ်ခေါ်လာတဲ့ပြိုင်ပွဲတွေကို တစ်ပွဲမှ လက်လွှတ် မခံဘဲနဲ့ အတတ်နိုင်ဆုံးသွားရောက်ယှဉ်ပြိုင်နေတာပါ။

မေး--- ဟုတ်ကဲ့။ ဒီပြိုင်ပွဲပြီးသွားတဲ့နောက်ပိုင်းမှာရော အခြားခြေစမ်းပွဲတို့၊ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါသေးလားခင်ဗျ။

ဖြေ--- ရှိပါတယ်။ အခုအဲဒီပြိုင်ပွဲကနေ ပြန်လာပြီးလို့ရှိရင် စက်တင်ဘာလလယ်လောက် မှာ ယူ-၂၁အသင်း နှစ်သင်း ကျွန်တော်တို့ ဖွဲ့စည်းဖို့ရှိတယ်။ ဒီဇင်ဘာလမှာ ဗီယက်နမ်က ဖိတ်ခေါ်တဲ့ ဗီယက်နမ်သတင်းစာဖလားကိုပြိုင်မယ်။ ပြီးရင်၂၀၁၉ဖေဖော်ဝါရီလမှာ အာဆီ ယံ အသက်၂၂နှစ် အောက် ပြိုင်ပွဲရှိတယ်။ အဲဒါကို ပြိုင်မယ်။ ပြီးလို့ရှိရင် ၂၀၁၉ မတ်လမှာ AFC U-23ပြိုင်ပွဲ ခြေစစ်ပွဲရှိတယ်။ အဲဒါကို ပြိုင်မယ်။ ၂၀၁၉ ဒီဇင်ဘာမှာ ဆီးဂိမ်းရှိတယ်။ အဲဒီမှာ ကစားမှာပါ။ နောက်နှစ်မှာ ပြိုင်ပွဲကြီး (၃)ပွဲရှိပါတယ်။

မေး--- ဒီပြိုင်ပွဲတွေ မတိုင်ခင်မှာရော ပြည်တွင်းဖိတ်ခေါ်ပွဲတွေလုပ်သွားဖို့ရှိသေးလား။

ဖြေ---- မရှိပါဘူး။ ပြည်တွင်းဖိတ်ခေါ်ပွဲတော့။ လောလောဆယ် အသက် ၂၁နှစ်အောက် အဆင့်ကတော့ ပြည်တွင်းမှာရှိတဲ့ ကလပ်အသင်းတွေနဲ့ ခြေစမ်းမှုတွေ လုပ်သွားမှာပေါ့။ လုပ်ပြီးတော့ ပြင်ဆင်သွားမှာပေါ့။ တရုတ်ဖိတ်ခေါ်ပွဲအတွက်လေ။

မေး--- အခုနှစ်ပိုင်း သက်တမ်းအလိုက်ပြိုင်ပွဲတွေရဲ့ ပွဲတိုင်းလိုလိုမှာ  မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နေတာတွေ့ရပါတယ်။ အဲဒီတော့သက်တမ်းအလိုက် ကစားသမားတွေရဲ့စုဖွဲ့မှုအခြေအနေကရောဘယ်လိုရှိသလဲ။ ဒီသက်တမ်းအလိုက်ကစား သမားတွေအပေါ်မှာ အားရကျေနပ်မှုရှိ မရှိ ပြောပေးပါဦး။

ဖြေ--- အားရကျေနပ်မှုရှိပါတယ်။ သူတို့ရဲ့ ကြိုးစားမှုကလည်း မေးခွန်းထုတ်စရာမရှိဘူး။ နည်းပြဆရာတွေရော၊အဖွဲ့ချုပ်ရော၊ပရိသတ်တွေရော အားလုံးအဆင့်အတန်းတစ်ခုရောက် လာအောင် ၀ိုင်းပြီးကြိုးစားနေကြတာပဲ။ ဒါပေမယ့် အဲဒီကြိုးစားမှုက ရပ်လို့မရဘူး။ စဉ်ဆက် မပြတ် ကျွန်တော်တို့ကြိုးစားနေရမယ်။ တကယ်ကြိုးစားခဲ့လို့ရှိရင် အသီးအပွင့်ကတော့ လက်ရွေးစင်အသင်းမှာ မြင်ရလိမ့်မယ်။ အဲဒီအတွက်တော့ အချိန်လေး နည်းနည်းတော့ ပေးရမှာပေါ့နော်။ လူငယ်အသင်းတွေအားလုံးက အာဆီယံပြိုင်ပွဲတွေ၊ အာရှပြိုင်ပွဲတွေ၊ ဖိတ်ခေါ်ပြိုင်ပွဲတွေလည်းကစားတယ်။ အကယ်ဒမီပြိုင်ပွဲတွေလည်းရှိတယ်။ အဲဒီတော့ ပွဲအတွေ့အကြုံများလာတာနဲ့အမျှ ပိုကောင်းတဲ့ကစားသမားတွေ ဖြစ်လာလိမ့်မယ်။

မေး--- ဟုတ်ကဲ့ပါ--လက်ရှိ မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းက တိုးတက်လာ ပြီလို့ပြောလို့ရနိုင်ပြီလား။ ဘယ်လိုသုံးသပ်ချင်လဲ။ နောက်တစ်ခု မြန်မာ့ဘောလုံးအားကစား အတွက် အကြံပြုချက်တွေ ရှိမယ်ဆိုလည်း သိချင်ပါတယ်ခင်ဗျ။ ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ ပေါ့။

ဖြေ--- အဓိကကတော့ ကျွန်တော်တို့တိုင်းပြည်က Infrastructureပိုင်းမှာ သူများနိုင်ငံ တွေနဲ့စာရင် အများကြီးနောက်ကျနေတယ်။ ကစားရမယ့် ဘောလုံးကွင်းကလည်း နည်းပါ သေးတယ်။ ဒါ့အပြင် နေရှင်နယ်လိဂ်အသင်းတွေကလည်း ဒါ့ထက်ပိုပြီးတော့ အောင်မြင် လာဖို့လိုတယ်။ အဓိကတော့ ဘောလုံးကစားတဲ့ကလေးတွေများလာရမယ်။ ဘောလုံး ကစားဖို့ကွင်းတွေ များလာရမယ်။ အဲဒါတွေရှိလာပြီဆိုရင်တော့ ဒါ့ထက်ပိုပြီးတော့ မြန်မြန် ဆန်ဆန်နဲ့တိုးတက်နိုင်ပါတယ်။ အခုလောလောဆယ်ကတော့ ကျွန်တော်တို့မှာ ရှိသမျှအား နဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်နေတယ်။ အဲတော့ ဘောလုံးလောကအောင်မြင် သလား၊ မအောင်မြင်သလားဆိုတာ တိုင်းရမယ့်ပေတံကတော့ တစ်ခုပဲရှိတယ်။ အဲဒါက တော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ကြည့်မယ် ဆိုရင် အခုလက်ရှိ ကျွန်တော်တို့က အာဆီယံမှာအဆင့်နံပါတ်(၄)မှာရှိပါတယ်။ အဆင့် နံပါတ်(၄)ဆိုတော့ အခြားကိုယ့်ထက်ပိုပြီးတော့တိုးတက်နေတဲ့နိုင်ငံတွေ၊ ငွေကြေးတွေ သုံးစွဲနိုင်တဲ့နိုင်ငံတွေထက်စာရင်တော့ မဆိုးတဲ့အဆင့်တစ်ခုမှာရောက်နေတယ်လို့ပြောလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ အဆင့်တွေ တက်ချင်ပါသေးတယ်။

မေး--- ဒါဆို ဘယ်လို ကြိုးစားသွားဖို့ ရှိမလဲ။

ဖြေ--- ကျွန်တော်တို့ ရေရှည်စီမံကိန်းတွေလည်းရှိပါတယ်။ အဲဒါတွေကို တစ်ဆင့်ချည်းစီ အကောင်အထည်ဖော်နေပါတယ်။ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်မယ်။ ပြီးတဲ့အခါမှာ နည်းစနစ်တွေကို ကမ္ဘာ့နည်းစနစ်တွေအတိုင်းကစားနိုင်အောင် ကျွန်တော်တို့ကြိုးစားမယ်။ ဒီလိုပြိုင်ပွဲတွေ ၀င်နေဖို့အတွက်က ကျွန်တော်တို့အတွက် ၀င်ငွေရရှိဖို့ကလည်း အရေးကြီး တယ်။ ဒါ့ကြောင့်မို့လို့ စပွန်ဆာတွေရရှိအောင်လည်း ကျွန်တော်တို့ကြိုးစားနေတယ်။ ဘက် ပေါင်းစုံကတော့ အားလုံးဝိုင်းကြိုးစားနေကြတာပါပဲ။

မေး---  အခုလို ဘောလုံးအားကစားတိုးတက်လာဖို့အတွက် နိုင်ငံတော်ရဲ့ထောက်ပံ့ အားပေးမှုကလည်း ဘယ်လောက်အထိ အရေးပါတယ်လို့ အစ်ကို့အနေနဲ့ထင်ပါသလဲ။

ဖြေ--- နိုင်ငံတော်ရဲ့ထောက်ပံ့အားပေးမှုက အများကြီးအရေးပါပါတယ်။ ဘာလို့လဲဆို တော့ အခုလက်ရှိမှာလည်း သူတို့အနေနဲ့ သူတို့တတ်နိုင်တဲ့အပိုင်းဖြစ်တဲ့ အားကစားကွင်း၊ အားကစားရုံတွေကို ဘောလုံးအဖွဲ့ချုပ်ကို သူတို့က ပေးပြီးတော့ အသုံးပြုခွင့်ပေးထားတယ် ပေါ့နော်။ ဒါ့ထက်ပိုပြီးတော့ ထောက်ပံ့ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် တိုင်းပြည်တစ်ပြည်မှာ အားကစားကအရေးကြီးတယ်ဆိုပေမယ့် ဒါ့ထက်ပိုပြီးတော့ အရေး ကြီးတဲ့ ကျန်းမာရေးရှိမယ်။ ပညာရေးရှိမယ်။ စစ်ရေးရှိမယ်။ ဒါတွေမှာလည်း အစိုးရက သုံး နေရတာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာတော့ ဘောလုံးအဖွဲ့ချုပ်က စပွန်ဆာနဲ့  ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်၊ နောက်တစ်ခါ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ထောက်ပံ့မှု အဲဒါနဲ့ပဲ အဓိကရပ်တည်နေပါတယ်။

မေး--- ဟုတ်ကဲ့ပါ။ အခြားဖြည့်စွက်ပြီးတော့ ပြောကြားစရာရှိဦးမယ်ဆိုရင်လည်း ပြော ကြားပေးပါဦး။

ဖြေ--- အဓိက ဘောလုံးအဆင့်အတန်းအောင်မြင်ဖို့ကတော့ အားလုံးဝိုင်းပြီးတော့ လုပ် နေကြတာပဲပေါ့နော်။ ဒါပေမယ့် ဒါ့ထက်ပိုပြီးတော့ အောင်မြင်ဖို့ကတော့ ဒါ့ထက်အများကြီး အလုပ်ပိုလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့က ကိုယ့် ရှေ့မှာရှိတဲ့ နိုင်ငံတွေကို ကျော်တက်ဖို့ကြိုးစားရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရှေ့မှာရှိ တဲ့နိုင်ငံတွေကလည်း သူတို့ကလည်း ရပ်နေတာမဟုတ်ဘူး။ သူတို့လည်း ပြေးနေတာ ပေါ့နော်။ သူတို့ထက်ပိုပြီးတော့ ကျော်တက်ဖို့ဆိုလို့ရှိရင် သူတို့ထက် အဆပေါင်းများစွာ ကျွန်တော်တို့က အလုပ်လုပ်ရပါလိမ့်မယ်။ ငွေကြေးပိုင်းဆိုင်ရာတွေ၊ အခြေခံအဆောက် အအုံပိုင်းဆိုင်ရာတွေ၊လူသားအရင်းအမြစ်ဆိုင်ရာတွေ အကုန်လုံး ကျွန်တော်တို့အားလုံး ပိုပြီးတော့အားထုတ်မှသာလျှင် အခြားနိုင်ငံကို ကျော်တက်နိုင်မှာဖြစ်ပါတယ်။

မေး--- ဟုတ်ကဲ့ပါ။ တရုတ်နိုင်ငံမှာကျင်းပမယ့်လေးနိုင်ငံဖိတ်ခေါ်ဖလား အသက်၂၁နှစ် အောက် ပြိုင်ပွဲမှာ မြန်မာယူ-၂၁အသင်း ပါဝင်ယှဉ်ပြိုင်သွားမယ့်အကြောင်းနှင့်ပတ်သက်ပြီး ကျနော်တို့ စီအာအိုင်ကမေးမြန်းသမျှကိုစိတ်ရှည်စွာဖြေကြားပေးခဲ့တဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ  အမှုဆောင်အရာရှိချုပ် ဦးဖုန်းနိုင်ဇော်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဖြေ--- ဟုတ်ကဲ့။ ကျွန်တော်ကလည်း အခုလို ဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင် ပါတယ်။

   Webradio