• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"လေ့လာမိသော တရုတ်ရိုးရာ ချုံယန် (Chongyang)ပွဲတော်အကြောင်း"

(GMT+08:00) 2018-10-23 16:43:30

ကျွန်တော် တရုတ်ပြည်ကို ခေတ္တရောက်နေခိုက် တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု စတဲ့အကြောင်းတွေကိုလေ့လာဖြစ်သလို တရုတ် ရိုးပွဲတော်တွေအကြောင်းကိုပါ စိတ်ဝင်တစားလေ့လာမိတယ်။ ဒီလိုလေ့လာကြည့်မိတဲ့အခါ တရုတ်ရိုးရာပွဲတော်တွေက တမူထူးခြားနေတယ်လို့ခံစားရတယ်။ မြန်မာနိုင်ငံရဲ့ပွဲတော် အများစုဟာ လတစ်လရဲ့လပြည့်ရက်နဲ့လဆန်း(၈)တို့မှာ ပြုလုပ်ကြတာများတယ်။  ဒါပေ မယ့် တရုတ်ရိုးရာပွဲတော်တွေကတော့ ဒီလိုမဟုတ်ပဲ တရုတ်လမုန်ပွဲတော် (တရုတ်ပြက္ခဒိန် အရ ၈ လပိုင်း ၁၅ ရက်)ကလွဲရင် ကျန်တဲ့ပွဲတော်တွေဟာ လတစ်လရဲ့ကြားရက်တွေမှာ ဖြစ်နေတတ်ပြီး လနဲ့ရက်ထပ်နေတာကိုတွေ့ရတယ်။ ဥပမာ-"ကောက်ညင်းထုတ်ပွဲတော်" (Duan Wu festival)(သို့) နဂါးလှေပွဲတော်ဆိုရင် တရုတ်ပြက္ခဒိန်အရ (၅)လပိုင်း၊ (၅)ရက် နေ့၊ နောက် ချီရှီ (Qixi)ပွဲတော်(သို့) "တရုတ်ချစ်သူများနေ့"ဆို တရုတ်ပြက္ခဒိန်အရ (၇)လ ပိုင်း(၇)ရက် စသဖြင့်ဖြစ်ပါတယ်။   ဒါကြောင့် ကျွန်တော်စိတ်ဝင်စားတယ်လို့ပြောတာပေါ့။ နောက်ပြီးတော့ အဲဒီပွဲတော်တွေရဲ့နောက်မှာ သမိုင်းအဖြစ်အပျက်ဒဏ္ဍာရီတွေကလည်းရှိ နေတတ်ကြပြန်တယ်။ ဒါတွေက ကျွန်တော့်အတွက် စိတ်ဝင်စားမှုတွေကို မြင့်တက်စေခဲ့ တယ်။

အခု ဒီလ အောက်တိုဘာလ(၁၇)ရက်နေ့ကလည်း  တရုတ်ရိုးရာ ချုံယန် (Chongyang)ပွဲတော်နေ့ဖြစ်လို့ တရုတ်ပြည် တစ်ပြည်လုံး စည်စည်ကားကား ကျင်းပခဲ့ကြ တယ်။ ဒီပွဲတော်နေ့ဟာ တရုတ်ပြက္ခဒိန်အရဆိုရင် (၉)လပိုင်း (၉)ရက်နေ့ဖြစ်ပါတယ်။  

ချုံယန်(Chongyang)ပွဲတော်ကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရင်တော့ (၉)နှစ်လုံးပွဲတော်လို့လည်း ခေါ်ဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် (၉)နှစ်လုံးပွဲတော်လို့ တရုတ် ပြည်မှာသုံးနှုန်းလေ့မရှိပဲ ချုံယန်(Chongyang)ပွဲတော်လို့သာ မူရင်းအတိုင်းခေါ်ဆိုကြတယ် လို့သိရပါတယ်။ Chongဆိုတာက (၂)ခုလို့ အဓိပ္ပါယ်ရပါတယ်။ Yang ဆိုတာက (၉)ဂဏန်း ကို ကိုယ်စားပြုတယ်။ ( နောက်တစ်မျိုးအနေနဲ့ Yang စကားလုံးက  ထိုက်ကျိသိုင်းပညာ သဘောအရ အဖိုဓာတ်ကိုလည်းကိုယ်စားပြုပါတယ်။) အဲဒီအတွက်ကြောင့် တရုတ်ပြက္ခဒိန် အရ (၉)လပိုင်း (၉)ရက်နေ့ကို (၉)နှစ်လုံးပါတဲ့အတွက် ချုံယန်(Chongyang) ပွဲတော်လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အဲဒီနေ့ ပွဲတော်မှာတော့ တရုတ်လူမျိုးတို့ဟာ လူကြီးမိဘ သက်ကြီး ရွယ်အိုတွေကို ဂါရ၀ပြုခြင်း၊ တောင်တက်ခြင်း၊  Chongyang မုန့်လုပ်စားခြင်း၊ ဂန္ဓမာပန်း ဆင်မြန်းခြင်းနဲ့ ဂန္ဓာမာပန်းဝိုင်သောက်သုံးခြင်းတွေကို ပြုလုပ်ကြပါတယ်။

တရုတ်ရိုးရာပွဲတော်တိုင်းလိုလိုမှာ သက်ဆိုင်ရာပုံပြင်ဒဏ္ဍာရီတွေရှိတတ်ကြ သလိုပဲ ဒီချုံယန်(Chongyang)ပွဲတော်မှာလည်း အဖြစ်အပျက်ဒဏ္ဍာရီတစ်ခုရှိပါတယ်။ ဒါကို ဗဟုသုတအဖြစ် ကျွန်တော်ပြောပြချင်ပါတယ်။ အရှေ့ဟန်မင်းဆက်ခေတ် (Eastern Han Dynasty: 25–220 )က နူ(Nu) မြစ်ထဲမှာ နတ်ဆိုးတစ်ကောင်ရှိပြီး အဲဒီနတ်ဆိုးဟာ ဆိုရင်အနီးအနားမှာရှိတဲ့ရွာက ရွာသားတွေကို အနာရောဂါဖြစ်အောင် ဘေးဒုက္ခဖြစ်အောင် လုပ်နေပါသတဲ့။ တစ်နေ့မှာ နတ်ဆိုးရဲ့တိုက်ခိုက်မှုကြောင့် ဟိန်ကျင့်(Hengjing)လို့ခေါ်တဲ့ ကလေးအဖေတစ်ယောက် သေဆုံးခဲ့တယ်။ အဲဒီအခါ ရွာသားတွေဟာ နတ်ဆိုးကိုတိုက် ထုတ်ဖယ်ရှားပစ်ချင်ကြတယ်။ သေဆုံးသွားတဲ့ ဟိန်ကျင့်(Hengjing)ကလည်း ဒီနတ်ဆိုး ကို ဓားရှည်ကို အသုံးပြုတိုက်ခိုက်ဖယ်ရှားနိုင်ဖို့အတွက် ပညာသင်ကြားပေးနိုင်မယ့် ထာဝရ နတ်ဘုရားကိုရှာရန် ခရီးရှည်ကြီးကို သွားရောက်ခဲ့တယ်တဲ့။

ဒီလိုနဲ့ထာဝရနတ်ဘုရားနဲ့တွေ့ပြီးတဲ့နောက် တရုတ်ပြက္ခဒိန်(၉)လပိုင်း(၈)ရက်နေ့ မှာ ထာဝရနတ်ဘုရားက ဟိန်ကျင့် (Hengjing)ကိုပြောတယ်။  "နောက်နေ့မှာ နတ်ဆိုး ပေါ်လာလိမ့်မယ်။ပြီးရင်လူတွေကိုအနာရောဂါဖြစ်အောင်လုပ်လိမ့်မယ်။ အဲဒီနေ့မှာ သူ့ကို သွားပြီးတိုက်ခိုက်ဖယ်ရှားပါ" တဲ့။ အဲဒီအခါ  ဟိန်ကျင့် (Hengjing)လည်း Zhuyuပန်းပင်နဲ့ ဂန္ဓာမာပန်းဝိုင်ကိုယူပြီး ချက်ချင်း သူ့ရဲ့မြို့ကိုပြန်သွားတယ်။ နောက်တစ်နေ့ဖြစ်တဲ့ (၉)ပိုင်း (၉)ရက်နေ့မနက်ပိုင်းမှာ ဟိန်ကျင့် (Hengjing)ဟာ ရွာသားတွေနဲ့အတူ  Zhuyu ပန်းပင် ရဲ့ အရွက်တစ်ရွက်၊ ဂန္ဓာမာပန်းဝိုင်တစ်ခွက်ကို ကိုယ်စီကိုင်ပြီး အနီးဆုံး တောင်တစ်လုံးကို သွားခဲ့တယ်။ နေ့လည်ပိုင်းမှာ နတ်ဆိုးဟာ နူ(Nu)မြစ်ထဲကနေ ထွက်လာတယ်။ ထွက်လာ ချင်း ရုတ်တရက်မှာပဲ နတ်ဆိုးဟာရပ်တန့်သွားတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ Zhuyu ပန်းပင်နဲ့ ဂန္ဓာမာပန်းဝိုင်ရဲ့သင်းရနဲ့ကြောင့်ဖြစ်ပါတယ်တဲ့။  ဒီလို နတ်ဆိုးရုတ်တရက် ရပ် တန့်နေတဲ့အချိန်မှာ ချက်ချင်းဆိုသလိုပဲ ဟိန်ကျင့်(Hengjing)က နတ်ဆိုးကို ဓားရှည်နဲ့ ခုတ်ပိုင်းတိုက်ခိုက်လိုက်တဲ့အခါ နတ်ဆိုးဟာ သေဆုံးသွားခဲ့တယ်။ အဲဒီနောက်ပိုင်း ရွာသား တွေလည်း နတ်ဆိုးရဲ့ပြုစားခံရခြင်းမှ ကင်းဝေးသွားခဲ့ပါတယ်တဲ့။ အဲဒီအချိန်ကစလို့ တရုတ် ပြက္ခဒိန် (၉)လပိုင်း(၉)ရက်နေ့မှာ တောင်တက်ခြင်း၊ ဂန္ဓာမာပန်းဝိုင်သောက်ခြင်းတွေ ဖြစ် ပေါ်လာခဲ့ပါတယ်။

ချုံယန် (Chongyang)ပွဲတော်အတွင်း ချုံယန်(Chongyang)မုန့်နဲ့ ဂန္ဓာမာပန်းဝိုင် တို့ဟာ ရိုးရာအစာအစားဖြစ်ပါတယ်။ ချုံယန် (Chongyang)မုန့်ဆိုတာက ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ မုန့်ပုံစံမျိုးဖြစ်ပြီး အသားညှပ်ပေါင်မုန့်ကြားမှာ အခွံမာသီးတွေကို ထည့်ထားပါ တယ်။ ဒီမုန့်ကို တရုတ်လို "ကောင်" (Gao)လို့ခေါ်ပြီး "အမြင့်" လို့ အဓိပ္ပါယ်ရပါတယ်။ တရုတ်လူမျိုးများဟာ အဲဒီမုန့်ကို  တောင်အမြင့်ကိုတက်ခြင်းဆိုတဲ့ အယူအဆနဲ့ စားသုံးကြ ပါတယ်။ ဒီမုန့်စားပြီးတဲ့နောက်မှာလည်း တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ယုံကြည် ထားကြပါတယ်။ အဲဒီအတွက်ကြောင့် ပွဲတော်နေ့မှာ တရုတ်လူမျိုးတွေဟာ ချုံယန်(Chong- yang)မုန့်လုပ်စားခြင်းနဲ့ တောင်တက်ခြင်းတွေကိုလည်း ပြုလုပ်ကြပါတယ်။

နောက် ဂန္ဓာမာပန်းဝိုင်သောက်ခြင်းကတော့ ဂန္ဓာမာပန်းဟာ အဆိပ်ကိုလည်း ဖြေ ပေးနိုင်သလို မကောင်းဆိုးဝါးတွေကိုလည်းမောင်းထုတ်ပေးနိုင်တယ်၊ အနာရောဂါတွေ မဖြစ်အောင်နဲ့ သဘာဝဘေးအန္တရာယ်တွေကနေ ကင်းဝေးနိုင်တယ်လို့ ယုံကြည်ကြတဲ့ အတွက်ကြောင့်ပါတဲ့။ ဒီပွဲတော်နေ့မှာ ဂန္ဓာမာပန်းဝိုင်သောက်ခြင်းအပြင် ဦးခေါင်းနဲ့ အင်္ကျီ အ၀တ်တွေမှာလည်း Zhuyuပန်းခက်တွေကို ထိုးစိုက်ဆင်မြန်းကြလေ့ရှိပါတယ်။ အထူး သဖြင့် အမျိုးသမီးတွေနဲ့ကလေးငယ်တွေမှာ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အခုနောက် ပိုင်းတွင်တော့ အခုလိုZhuyuပန်းခက် ထိုးစိုက်ပန်ဆင်ခြင်းတွေမရှိတော့ဘူးလို့သိရပါတယ်။

ထန်မင်းဆက်(Tang Dynasty: 618-907)က ကဗျာဆရာတေဟာ ဒီချုံယန် (Chongyang)ပွဲတော်အကြောင်းနဲ့ပတ်သက်ပြီး ကဗျာများစွာဖန်တီးခဲ့ကြပြီး တောင်တက် ခြင်းရဲ့ခံစားမှုတွေနဲ့ သဘာဝရှုခင်း၊ အဖြစ်အပျက်တွေအကြောင်းကို ရေးဖွဲ့ဖော်ကျူးခဲ့ကြ တယ်လို့သိရပါတယ်။  ယခုအချိန်မှာလည်း တရုတ်လူမျိုးတွေဟာ မိသားစုအချင်းချင်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့စုပြီး တောင်တက်ကြလေ့ ရှိပြီးသာယာလှပတဲ့ သဘာဝရှုခင်း တွေအကြောင်း၊ အားလပ်ရက်ပျော်ရွှင်တွေအကြောင်းကို မျှဝေခံစားကြလေ့ရှိပါတယ်။ ဒီပွဲ တော်ရက်အတွင်း ပန်းခြံအများစုမှာ ဂန္ဓာမာပန်းမျိုးစုံပွင့်ကြလေ့ပါတယ်။ ပန်းခြံကြီးတွေ အနေနဲ့ကတော့ ဂန္ဓာမာပန်းပြပွဲတွေကျင်းပပြီးခရီးသည်တွေကိုဆွဲဆောင်လေ့ရှိကြပါတယ်။  

ဒီချုံယန်(Chongyang)ပွဲတော်နေ့နဲ့ပတ်သက်ပြီး နောက်ထပ်အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်တစ်ခုရှိနေပါသေးတယ်။ အဲဒီဖွင့်ဆိုချက်အသစ်မှာ(၉)ဂဏန်းကို တရုတ်လို ကျို (jiu) လို့ခေါ်ပြီး "ရှည်လျားခြင်း" (Long)ဟု အဓိပ္ပါယ်ရပါတယ်။ ဒီအတွက် တရုတ်လူမျိုးတွေဟာ (၉)ဂဏန်းကို လူတစ်ယောက်ရဲ့အသက်ရှည်ခြင်းအဖြစ်မှတ်ယူပြီး  ကြိုက်နှစ်သက်ကြပါ တယ်။၁၉၈၉ခုနှစ်မှာ ချုံယန်(Chongyang)ပွဲတော်နေ့ကို သက်ကြီးရွယ်အိုများနေ့ Senior's Dayအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနေ့မှာ သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခြင်းနဲ့ သူတို့ရဲ့ ပျော်ရွှင်မှုတွေအတွက် ခွင့်ပြုဖန်တီးပေးခြင်းများ ပြုလုပ်ပေးကြပါတယ်။ ဒီနှစ်မှာဆိုရင် သက်ကြီးရွယ်အိုများအား ဂါရ၀ပြုခြင်းတွေအပြင်စမတ်ဖုန်းအသုံးပြုနည်းသင်ပေးခြင်း၊ ကွန် ပျူတာအသုံးပြုနည်းသင်ပေးခြင်း စတဲ့သိပ္ပံနည်းပညာမျှဝေမှုဆိုင်ရာလှုပ်ရှားမှုများလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ကြတာကိုတွေ့ရပါတယ်။

 ဒီပွဲတော်နေ့ကို သက်ကြီးရွယ်အိုများနေ့အဖြစ်သတ်မှတ်တယ်ဆိုတာက တရား ၀င်ရုံးပိတ်ရက်လို နေ့ထူးနေ့မြတ်သဘောမျိုးမဟုတ်ဘဲ အဲဒီနေ့မှာ သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခြင်းတွေလုပ်ရမယ်လို့ ရိုးရာဓလေ့အရ သတ်မှတ်ချက်သာဖြစ်ပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံက သီတင်းကျွတ်ပွဲတော်လိုမျိုးပေါ့။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း သီတင်းကျွတ်ပွဲတော်ချိန်ခါဆိုရင် အခြားပျော်ပွဲရွှင်ပွဲတွေနဲ့အတူ လူကြီးမိဘဆရာသမား သက်ကြီး ရွယ်အိုတွေကို ဂါရ၀ပြုကန်တော့မှုတွေ ပြုလုပ်ကြတယ်မဟုတ်လား။ ဒီလိုပဲ တရုတ်လူမျိုးတွေအနေနဲ့လည်း ချုံယန်(Chongyang)ပွဲတော်နေ့မှာ အခြားလှုပ်ရှားမှုတွေ အပြင် ရိုးရာဓလေ့အရ လူကြီး မိဘသက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုကြတယ်။ မိသားစုဝင် တွေအနေနဲ့ အဘိုးအဘွား သက်ကြီးရွယ်အိုတွေနဲ့လိုက်ပြီး အပန်းဖြေတာတို့၊ တောင်တက် တာတို့ပြုလုပ်ကြပါတယ်။ အဲဒီအချိန်မှာ ခရီးသွားကုမ္ပဏီတွေကလည်း အုပ်စုတွေဖွဲ့ပေးပြီး ခရီးသွားအစီအစဉ်တွေကို ဆောင်ရွက်ပေးကြလေ့ရှိတယ်လို့သိရပါတယ်။  

ဒါကတော့ ကျွန်တော် လေ့လာမိတဲ့ ချုံယန် (Chongyang)ပွဲတော်ဖြစ်ပေါ်လာတဲ့ အကြောင်းနဲ့ ပွဲတော်အတွင်း ပြုလုပ်လေ့ရှိကြတဲ့ ရိုးရာဓလေ့တွေဖြစ်ပါတယ်။ တရုတ်ရိုးရာ ပွဲတော်တွေဟာ အများအားဖြင့် မြန်မာရိုးရာဓလေ့ပွဲတော်တွေနဲ့ ဆင်တူသယောင်ရှိနေပါ တယ်။  အခု ဒီ ချုံယန်(Chongyang)ပွဲတော်ဆိုရင်လည်း မြန်မာတို့ရဲ့ရိုးရာ သီတင်းကျွတ် ပွဲတော်ချိန်ရာသီနဲ့ တိုက်ဆိုင်နေပြီး ပွဲတော်အနှစ်သာရအားဖြင့်လည်း တူညီနေတာကို တွေ့ရပါတယ်။ ဒါဟာ မြန်မာလူမျိုးနဲ့တရုတ်လူမျိုးတို့ရဲ့ တူညီတဲ့ လူမျိုးစုတစ်ခုတည်းက ဆင်းသက်ပြန့်ပွားလာကြပြီး ရိုးရာယဉ်ကျေးမှုအရ အတူနီးကပ်စွာတည်ရှိနေခဲ့ကြတာကို ပြ ဆိုနေတယ်လို့ထင်မိပါတယ်။ အခုချိန်မှာဆိုရင်လည်း မြန်မာနဲ့တရုတ်တို့ဟာ ဆွေမျိုးပေါက် ဖော်ချစ်ကြည်ရေးအဖြစ်နဲ့ ချစ်ခင်မှုမပျက်ဆက်လက်တည်ရှိနေကြပြီး အပြန်အလှန် နား လည်ကူညီမှုတွေ တည်ဆောက်ထားနိုင်ဆဲဖြစ်ပါတယ်။

  အချုပ်အားဖြင့်ဆိုရရင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ရိုးရာဓလေ့တွေဟာ အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတို့ရဲ့ယဉ်ကျေးမှုတန်ဖိုးပဲဖြစ်ပါတယ်။ ယဉ်ကျေးမှု တန်ဖိုးမြင့်လေ နိုင်ငံနဲ့လူမျိုးရဲ့တန်ဖိုးလည်း မြင့်တက်လေပဲဖြစ်ပါတယ်။ ဒီတော့ တရုတ်ပြက္ခဒိန်အရ (၉) လပိုင်း (၉)ရက်နေ့ပွဲတော်ဖြစ်တဲ့ ချုံယန်(Chongyang)ပွဲတော်ကနေ တရုတ်လူမျိုးတို့ရဲ့ လူကြီးမိဘသက်ကြီးရွယ်အိုတွေကို လေးစားဂါရ၀ထားတတ်တဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊ ချစ်ခင် နှစ်လိုဖွယ်ရာ ယဉ်ကျေးတဲ့သဘောထား၊ နူးညံ့သိမ်မွေ့တဲ့ စိတ်နှလုံးတွေကို တွေ့မြင်နေ ရတယ်လို့ဆိုလိုက်ချင်ပါတယ်--

                                             အောင်မာန်(ဆော)

                                              18-10-2018

   Webradio