• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စိတ်ဝင်စားဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော်အကြောင်း

(GMT+08:00) 2019-01-31 16:57:31

 

 

တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ်ရိုးရာပြက္ခဒိန်ပေါ်မူတည်ပြီး ပထမဆုံးလရဲ့ ပထမဆုံး ရက်မှာ ပွဲတော်စတင်ကျင်းပတယ်လို့ သိရပါတယ်။ အခုနှစ်ဆိုရင် ၂၀၁၉ ရဲ့ တရုတ် နှစ်သစ်ကူး ပွဲတော်ရက်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ (အင်္ဂါ)နေ့မှာ ကျရောက်ပါတယ်။ ဒီပွဲတော်ဟာ တရုတ် ရိုးရာ အထွတ်အမြတ်ပွဲတော် တစ်ခုဖြစ်ပြီး တရုတ်ဝေါဟာရကို ဘာသာပြန်မယ်ဆိုရင် နွေဦးပွဲတော်လို့ အဓိပ္ပာယ်ရပါတယ်။ ဆောင်းအကုန် နွေအကူးမှာ ကျင်းပတဲ့ ပွဲတော် တစ်ခုလို့ ဆိုလို့ ရပါတယ်။  နိုင်ငံတော်အဆင့်ကျင်းပတဲ့ ပွဲတော်ဖြစ်တာမို့ ရိုးရာယဉ်ကျေးမှုအရ တရုတ်နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား စည်စည်ကားကားနဲ့ တစ်တိုင်းတစ်ပြည်လုံး ပျော်ရွှင်စွာ ပါဝင်ကြပြီး ဆင်နွှဲလေ့ရှိကြတယ်လို့ ဆိုပါတယ်။

      ဒီလို တရုတ်လူမျိုးတို့ အလေးအမြတ်ထားကျင်းပလေ့ရှိတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ်နိုင်ငံရဲ့ CRI မြန်မာပိုင်းအစီအစဉ်မှာ တာဝန်ထမ်းဆောင်နေရတဲ့ကျွန်မလည်း ပါဝင် ဆင်နွှဲရမှာမို့ ပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်၊ ဒီပွဲတော် ဘယ်လိုဖြစ်တည်လာသလဲ၊ ပွဲတော်နဲ့ အတူ  ရိုးရာဓလေ့ ထုံးတမ်းတွေက ဘယ်လိုရှိသလဲစတဲ့အကြောင်းအရာအချက်အလက်တွေကို သိချင် နေမိတာတော့ အမှန်ပါပဲ။

ဒီပွဲကလည်း ကျွန်မအနေနဲ့ တရုတ်နိုင်ငံကို စတင်ရောက်ရှိပြီး တစ်လအကြာမှာ ကြုံရတဲ့ပွဲကိုး ဒီတော့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက် ဒီပွဲတော်အကြောင်းကို အမှတ်တရအဖြစ် စာရေးချင်မိပါတယ်။ ပြီးတော့ ဒီပွဲတော်နဲ့ပတ်သက်ပြီး program လေးတစ်ခုလည်း အမှတ်တရ လုပ်ချင်တော့ တရုတ်နှစ်သစ်ကူး ပွဲတော်အကြောင်းသိဖို့ အင်တာနက်မှာလိုက်ရှာပြီးဖတ်ရပါတယ်။ တရုတ်လို မတတ်တဲ့အတွက် တရုတ်ဘာသာကနေ အင်္ဂလိပ်ဘာသာပြောင်း အင်္ဂလိပ်ဘာသာကနေ မြန်မာလို ဘာသာပြန် စသဖြင့် နည်းမျိုးစုံနဲ့လိုက်ဖတ်ရသလို တရုတ်မြန်မာ အဖွဲ့တွေရဲ့ page တွေကိုလည်း အားကိုးပြီး လိုက်ဖတ်ရပါတယ်။ ဒီတော့မှ ကျွန်မ သိချင်နေတဲ့ တရုတ် နှစ်သစ်ကူး ပွဲတော်နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို အများကြီး တွေ့ရပါတော့တယ်။

စိတ်ဝင်စားဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံ

      စိတ်ဝင်စားဖွယ်ရာအများကြီးထဲကမှ ကျွန်မစိတ်ဝင်စားမိတဲ့အကြောင်းတွေကို ပြောပြဆိုရင် တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ပထမဆုံးကျွန်မ စပြီးရှာဖွေလေ့လာပြီး ဖတ်မိပါတယ်။ ဒဏ္ဍာရီပုံပြင်အရဆိုရင် တရုတ်နှစ်သစ်ကူး ပွဲတော်က သားရဲ တိရစ္ဆာန်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရခြင်းမှ အစပြုတယ်လို့ ရေးသားထားပါတယ်။ သားရဲ တိရစ္ဆာန်ကြီးက တိရစ္ဆာန်တွေ ကောက်ပဲသီးနှံတွေသာမက ရွာသားများနဲ့ အထူးသဖြင့် ကလေးတွေကို စားသောက်ဖို့ နှစ်စဉ် နှစ်သစ်ကူး ပထမနေ့ရက်မှာ လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီသားရဲ တိရစ္ဆာန်ကြီး စားဖို့အတွက် ရွာသားတွေက သူတို့ရဲ့ အိမ်ရှေ့တံခါးဝမှာ အစားအသောက်တွေ ပြင်ဆင်ပြီး သူတို့ ကိုယ် သူတို့ ကာ ကွယ် ကြပါတယ်။ ဒီလို နဲ့ တစ်ကြိမ်မှာ အနီရောင် အင်္ကျီ ဝတ်ထားတဲ့ ကလေးကို မြင်လို့ တိရစ္ဆာန်ကြီး ကြောက်ပြီး ထွက်ပြေးသွားတာကို ရွာသားတစ်ဦးက မြင်လိုက်တာကြောင့် ၄င်းကိုခြောက်ဖို့အတွက် အနီရောင် စက္ကူတွေကို အိမ်ရှေ့မှာ ကပ်ထားတဲ့ အစဉ်အလာကို အသုံးပြုခဲ့ ပါတယ်။ ဒါ့အပြင် ၄င်းကို နောက် ဘယ်တော့မှ ပြန်မလာအောင်လို့ ဗြောက်အိုး ဖောက်ပြီးလည်း ခြောက်လှန့် ပါတယ်။ ဒီလိုနဲ့ကြောက်စရာတိရစ္ဆာန်ကြီး ရွာထဲကို ဘယ်တော့မှ မလာတော့ဘူးလို့ ယုံကြည် လက်ခံထား ကြပါတယ်။

အဆိုး အညံ့တွေ နဲ့ မကောင်းတဲ့ကံတွေ ပပျောက်စေတယ်လို့ ယုံကြည်တဲ့ အတွက် နှစ်ကူးမှာ အနီရောင်နဲ့ အရောင် တောက်တောက် ဝတ်စုံတွေကို ဝတ်ဆင်ကြပြီး အနီရောင်ကိုတော့ ကံအကောင်းဆုံး အရောင် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နှစ်ကူးမှာ  ၀တ်စုံအသစ်တွေ ၀တ်ပြီး မိသားစု စုံညီ ဓာတ်ပုံ ရိုက်တာကလည်း နှစ်ကူးမှာ မလုပ်မဖြစ် အရာ တစ်ခုပါပဲ။ ဓာတ်ပုံကို အိမ်ရှေ့ ဒါမှမဟုတ် အိမ်ဦးခန်းမှာ ရိုက်လေ့ ရှိပြီး မိသားစု ထဲက အဖေ၊ အဘိုးစတဲ့ လူကြီး မိဘ တစ်ဦးဦးက အလယ် ဗဟိုမှာ နေရာယူပြီး ကျန်တဲ့မိသားစုဝင်တွေကဘေးမှာ ဝန်းရံကာ ဓာတ်ပုံ ရိုက်လေ့ ရှိကြပါတယ်။

စိတ်ဝင်စားဖွယ်ရာ ဆုတောင်းကဗျာကပ်နည်းများ

နောက်ထပ် ကျွန်မစိတ်ဝင်စားမိတဲ့အရာ တစ်ခုကတော့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ အိမ်တို့၊ ရုံးခန်းတို့မှာ အနီရောင်စာရွက်လေးတွေနဲ့ရေးထားတဲ့ ဆုတောင်းကဗျာလေးကပ်နည်းလေးတွေ အကြောင်းပါ။ အများအမြင်မှာ ဒါဟာ ဘာမှမဟုတ်ပါဘူးလို့ ထင်စရာရှိပေမယ့် သူ့မှာလည်း သူ့အယူအဆနဲ့သူ ရှိနေတာကို စိတ်ဝင်စားဖွယ်ရာတွေ့ရပါတယ်။ အထူးသဖြင့် ဗေဒင်အယူအဆပေါ့ တစ်နည်းအားဖြင့် ဖုန်းရွှေအယူအဆလေးတွေ သွားတွေ့ရပါတယ်။

တရုတ်လူမျိုးတိုင်းဟာ နှစ်သစ်ကူးပွဲတော်ရောက်ရင် အိမ်သန့်ရှင်းရေးလုပ်ပြီးသွားတဲ့ အခါမှာ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းနဲ့ သက်ရှည်ကျန်းမာခြင်းဆိုတဲ့ အဓိပ္ပာယ် ဖော်ဆောင်တဲ့ ဆုတောင်း ကဗျာတွေကို တံခါး နဲ့ပြတင်းပေါက်တွေမှာ အနီရောင် စက္ကူတွေနဲ့ အလှဆင်ပြီးကပ်ကြပါတယ်။

အဲဒီလို ဆုတောင်းကဗျာတွေကပ်တဲ့အခါမှာ တစ်ချို့က ၀ရန်တာရဲ့ဘေးနှစ်ဖက်နံရံမှာ ကပ်ရတာကို ကြိုက်လို့ ၀ရန်တာမှာ ကပ်ကြပါတယ်။ ဒါဟာ မမှန်တဲ့ ကပ်နည်းလို့ ဆိုပါတယ်။ တကယ်လို့ ၀ရန်တာမှာ ကပ်ပြီး တံခါးပေါက်မှာ မကပ်ဘူးဆိုရင် ဖုန်းရွှေ ပညာအရ လုပ်ငန်းခွင် အတွင်းမှာ အဆင်မပြေဖြစ်ခြင်းများ၊ အခွင့်အရေးကောင်းများ လက်လွတ် ရခြင်းများ ဖြစ်စေနိုင်တယ်လို့ ဖတ်မှတ်ရပါတယ်။

ဒါ့အပြင် အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာကို အပေါ်အောက်မှားမကပ်မိဖို့ စာလုံးတွေ မှန်ကန်အောင်ကပ်ဖို့လည်း အရေးကြီးတယ်လို့ သိရပါတယ်။ တကယ်လို့ အပေါ် အောက် ကဗျာစာကြောင်း မှားကပ်မိရင် နှစ်သစ်မှာ ကိစ္စများအမှားအယွင်းလုပ်မိခြင်း၊ တစ်ခြား သူနဲ့အငြင်းအခုံ ဖြစ်ရခြင်း၊ အိမ်တွင်းရေးပြဿနာဖြစ်တတ်တယ်လို့ ဆိုပါတယ်။

လေးလုံးစပ်ကဗျာတွေဆိုရင်လည်း အမှီပါတဲ့နေရာတွေမှာ ကပ်ရတယ်လို့ ဆိုပါတယ်။ ဥပမာ ဧည့်ခန်းရဲ့နံရံမှာ၊ ဆိုဖာခုံရဲ့ နောက်မှာ၊ အိပ်ခန်းရဲ့အနောက်နံရံတွေမှာ ကပ်ရပါတယ်။ ဒါမှမဟုတ် နရံ နှစ်ဖက်နှစ်ချက်မှာ ကပ်ကြပါတယ်။ အဲဒီလို ကဗျာတွေကပ်တဲ့အခါ အပေါ်ဘက်မှာ ကပ်ကြတာများ ပါတယ်။ အဲဒီလိုအပေါ်အရပ်မှာကပ်ခြင်းအားဖြင့် လာဘ်ကောင်းစေတယ်လို့ အယူရှိကြပါတယ်။

ကဗျာတွေကိုမှားကပ်လို့ ဘယ်သူမှ မပြောပေမယ့် ကာရန်တူကဗျာတွေကပ်တာဟာ တရုတ် လူမျိုးတွေကြားမှာ ရိုးရာယဉ်ကျေးမှုအဖြစ် တည်ရှိနေတာကတော့ ဒီကနေ့အထိတိုင်အောင် ပါပဲ။ ဖတ်ဖူးခဲ့တဲ့စာအုပ်တစ်အုပ်ထဲမှာတော့ ကျေးရွာတွေမှာရှိတဲ့ လယ်သမားအိမ်တွေဟာဆို ကာရန်တူ လုံးရေညီနှစ်ကြောင်းကဗျာမပါဘူးဆိုရင် နှစ်သစ်မကူးနိုင်ကြဘဲ ဖြစ်နေတတ်တယ်လို့ ရေးထား တာကို စိတ်ဝင်စားဖွယ် ဖတ်ရပါတယ်။ နှစ်ထောင်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုမို့ အခုထိတိုင် တရုတ်လူမျိုးတိုင်း ဆုတောင်းကဗျာလေးတွေ ကပ်တဲ့အလေ့အထကို အလေးထား ဆောင်ရွက်နေကြတာ တွေ့မြင်နေရတာဖြစ်ပါတယ်။

အရင်ကဆို ဒီလိုအယူအဆတွေနည်းလမ်းတွေ မသိတော့ တရုတ်နှစ်သစ်ကူးရောက်ပြီဆိုရင် တရုတ်လူမျိုးတွေရဲ့ အိမ်တွေ ရုံးတွေမှာ ဒီလို ကဗျာစာရွက်တွေ ဘာကြောင့်ကပ်မှန်း တကယ်ကို မသိခဲ့ပါဘူး။ အခုတော့.. ဘယ်လိုအယူအဆတွေကြောင့် ဒီလိုအစဉ်အလာ တွေရှိတယ်ဆိုတာ စိတ်ဝင် စားဖွယ် သိခဲ့ရပါတယ်။ ကိုယ်တိုင်လည်း ဗေဒင်ပညာ တစ်နည်းအားဖြင့် ဖုန်းရွှေအယူအဆကို စိတ်ဝင်စားတဲ့သူမို့ ပိုပြီး စိတ်ဝင်စားမိပါတယ်။

စိတ်ဝင်စားဖွယ်ရာ အန်ပေါင်းပေးခြင်းအဓိပာယ်

     နောက်ထပ် စိတ်ဝင်စားမိတာကတော့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ အန်ပေါင်းပေးခြင်းပါပဲ။ မြန်မာလိုအယူအဆဆိုရင် သီတင်းကျွတ်ပွဲတော်မှာ လူကြီးမိဘတွေကို ကန်တော့ပြီး မုန့်ဖိုးတောင်း တယ်လို့ ဆိုရမလိုပါ။ ဒါပေမယ့် တရုတ်လူမျိုးတွေရဲ့ အန်ပေါင်း ပေးခြင်းမှာ စိတ်ဝင်စားဖွယ်ရာ အယူအဆတွေ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီတွေ ရှိနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးပွဲတော် အကြိုညမှာ ညစာစားပွဲကို မဖြစ်မနေလုပ်ကြ ပြီးတဲ့နောက် မိုးလင်းပြီ ဆိုရင် လူကြီး မိဘတွေကို ကျန်းမာ ပျော်ရွှင်တဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ကလေးတွေကို မုန့်ဖိုး (အန်ပေါင်း) ပေးလေ့ရှိကြတယ်လို့ ဆိုပါတယ်။ စာအိတ်အနီလေးထဲမှာ မုန့်ဖိုး ပိုက်ဆံ ထည့်ပေးတာကို အန်ပေါင်းလို့ ဆိုပါတယ်။ မူရင်း တရုတ် အသံထွက်က ဟုန်ပေါင်းဖြစ်ပြီး အနီရောင်အိတ် ကလေးလို့ အဓိပ္ပာယ် ရပါတယ်။ အနီရောင်ရဲ့အဓိပာယ်ကတော့ ကံကောင်းခြင်းနဲ့ မကောင်းတဲ့အန္တရာယ်ကနေ ကာကွယ်ပေးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ တရုတ်အယူအရ အန်ပေါင်းအိတ်ထဲမှာတော့ ပိုက်ဆံကို စုံဂဏာန်း ပေးလေ့ရှိကြပါတယ်။

ဘာကြောင့် ပိုက်ဆံမုန့်ဖိုးကို စုံဂဏန်းပေးကြပါလိမ့်။ ကျွန်မ အထူးစိတ်ဝင်စားမိပါတယ်။ စိတ်ဝင်စားမိတဲ့အလျှောက် ဖတ်မိတာကတော့ ချင်မင်းဆက်တို့ခေတ်အခါကတည်းက အန်ပေါင်း ပေးတဲ့ ဓလေ့ကိုတွေ့ရပါတယ်။ အဲဒီခေတ်ကတော့ အခုခေတ်လို အိတ်တွေနဲ့ ပေးကြတာ မဟုတ်ပါဘူး။ အကြွေစေ့မှာ  အနီရောင်အပ်ချည်ကြိုးချည်ပြီး ပေးကြတယ်လို့ ဖတ်ရပါတယ်။ဒါနဲ့ ပတ်သက်ပြီးဒဏ္ဍာရီလို ဇာတ်လမ်းလေးတစ်ပုဒ်လည်း ရှိနေပါတယ်။ အဲဒါကတော့ ရွာတစ်ရွာမှာ နတ်ဆိုးတစ်ကောင်က ကလေးသူငယ်တွေကို  ဖမ်းယူလေ့ရှိပါတယ်။ အထူးသဖြင့်  ရွာသူရွာသားတွေ အိပ်နေတဲ့အချိန်မှာ အဲဒီနတ်ဆိုးက ကလေးငယ်တွေရဲ့ ဦးခေါင်းကို ထိလိုက်တာနဲ့ ကလေးငယ် တွေဟာ သေဆုံးသွားကြပါတယ်။ ဒါ့ကြောင့် ရွာသူရွာသားတွေဟာ ကလေးငယ်လေးတွေ အသက်အန္တရာယ်တွေကနေ  ကင်းဝေးစေဖို့ မွေးဖွားပြီးတာနဲ့  ဘုရားကျောင်း များကိုသွားပြီး သက်ဆိုင်ရာ နတ်ဘုရားဆီမှာ ကလေးငယ်လေးတွေကို ကာကွယ်ဖို့ အပ်နှံကြ ပါတယ်။ အဲဒီလို အပ်နှံတဲ့အခါ နတ်ဘုရားက ၈ဂဏန်းဟာ  ကလေးငယ်လေးတွေအတွက် အန္တရာယ်ကင်း တယ်လို့ အိပ်မက်ပေးတာနဲ့ ရွာသားတွေဟာ အကြွေစေ့ ၈ခုကို ကလေးငယ်တွေရဲ့ ခေါင်းအုံးအောက်မှာ ထားပြီး နတ်ဆိုးရန်ကနေ ကာကွယ်ရပါတယ်။ အဲဒီလို ကာကွယ်ထားတဲ့ ကလေးငယ်ရဲ့ဦးခေါင်းကို နတ်ဆိုးက ထိလိုက်တာနဲ့ အလင်းရောင်ဖြာထွက်လာပြီး နတ်ဆိုးကြီးဟာ ကလေးငယ်ကို ထိလို့မရတော့ဘဲ ကြောက်လန့်တကြားအော်ပြီး ပြေးရလေ့ရှိပါတယ်။ ဒါ့ကြောင့် ရွာသူ ရွာသားတွေဟာ အကြွေစေ့ ၈ခုကို အနီရောင်အိတ်ထဲတွင်ထည့်ပြီး ကလေးသူငယ်တွေရဲ့ ခေါင်းအုံး အောက်မှာ ထားပေးရာကနေ ကလေးလူငယ်တွေကို အန်ပေါင်းပေးကြတယ်လို့ သိရပါတော့တယ်။ တရုတ်လူမျိုးတွေရဲ့ အန်ပေါင်း ပေးခြင်းမှာ စိတ်ဝင်စားဖွယ်ရာ အယူအဆတွေ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီတွေက စာရေးသူကျွန်မကို စွဲဆောင်ခဲ့တာတကယ်ပါပဲ။ စာတွေ ရှာဖတ်ရလို့ ပင်ပန်းပေမယ့် တကယ့်ကို ဗဟုသုတအများကြီးရရှိခဲ့ရပါတယ်။

စိတ်ဝင်စားဖွယ်ရာ တရုတ်ရိုးရာနဂါးအက

နောက်ထပ် တရုတ်နှစ်သစ်ကူးပွဲတော်မှာ ကျွန်မစိတ်ဝင်စားမိတာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ နှစ်သစ်ကူး ပွဲတော်တွေမှာ ဖျော်ဖြေလေ့ရှိတဲ့ နဂါးအကအကြောင်းပါ။ နဂါးနဲ့ ကပြတဲ့ဓလေ့ဟာဆိုရင် ဘာသာရေးအရ လူမျိုးနွယ်စုတွေရဲ့ အမှတ်သင်္ကေတတစ်ရပ်အနေနဲ့ မိမိတို့  ကိုးကွယ်တဲ့ ဘုရားရှင်အား ဝတ်ပြုရိုသေခြင်း တစ်ရပ်အနေနဲ့ ကပြပူဇော်တာလို့သိရပါတယ်။ ဟန်လူမျိုးမင်းဆက်ခေတ် စကားပြေနဲ့ ဖော်ပြထားတဲ့စာထဲမှာဆိုရင်  နဂါးအကမှာ ကပြခဲ့တဲ့ နဂါးရဲ့ပုံသဏ္ဌာန်နဲ့ အရွယ် အစားကို ဖော်ပြထားပါတယ်။ နဂါးအက ကပြတဲ့ နဂါးဟာ ထူးကဲစွာ ကြီးမားသော နဂါးရုပ်ပုံ ဖြစ်ကြောင်း၊ နဂါးရဲ့အရှည်မှာ ပေ ၉၀ မှ ပေ ၁၂၀ အထိ ရှည်ပြီး ကပြသူမှာ လူ ၁၀ ဦး အထက်ရှိကြောင်း ရေးသားထားတာဖတ်ရပါတယ်။ ဒါ့အပြင် နဂါးကိုယ်ထည်ကို ပိုးထည်နဲ့ ချုပ်လုပ်ပြီး ချုပ်ရိုးချုပ်ကြောင်းကိုလည်း နဂါး တစ်ကောင်ပုံနဲ့ တူညီအောင် ချုပ်လုပ်ထားကြောင်း နဂါးဦးခေါင်းမှ စပြီး နဂါးအမြီးပိုင်းအထိအောင် နဂါးပုံစံ ပီပြင်စေဖို့ သေချာကျနစွာ ချုပ်လုပ်ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ချင်မင်းဆက် ခေတ်ကြိုကာလမှာ ကပြအသုံးတော်ခံခဲ့တဲ့ နဂါးဟာ အခုခေတ် နဂါးများထက် ပိုမိုရှည်လျားပြီး ရှေ့ နောက်တန်းစီပြီး ကကြရတဲ့ လူတန်းကြီးမှာလည်း ပိုမိုများပြား တယ်လို့ ဆိုပါတယ်။ အဲဒီလို နဂါးအကနဲ့ ကပြဖျော်ဖြေတာဟာ ဖျော်ဖြေမှု သက်သက်သာမကပဲ မိုးလေမှန်စေဖို့ ဆုတောင်းပွဲအခမ်းအနားနဲ့ လှူဒါန်းပူဇော်မှုအတွက်ကြောင့်လည်း အခုလို ကပြတာဖြစ်တယ်ဆိုပြီးဖတ်ရပါတယ်။ အခုခေတ်အခါကာလမှာလည်း နှစ်သစ်ကူး ပွဲတော်မှာ တရုတ် နဂါးအကကို အိုးစည်ဗုံမောင်းတွေတီးခတ်ပြီး လူငယ်တွေ စုစည်းကပြကြလေ့ ရှိနေဆဲပါ။ နဂါး ဆိုတာ တရုတ်လူမျိုးတွေ အလေးအမြတ်ထားရာ တစ်ခုမို့ နှစ်သစ်ကူးပွဲတော်မှာ နဂါးအကက မပါမဖြစ်လို့ ဆိုရမှာပါ။

      အချုပ်အားဖြင့်ပြောရမယ်ဆိုရင် တရုတ်နှစ်သစ်ကူးပွဲတော်ကတော့ ကျွန်မအတွက် တကယ့်ကို စိတ်ဝင်စားဖွယ်ရာတွေနဲ့ ပြည့်နေတဲ့ ပွဲတော်တစ်ခုလို့ပြောရင် လုံးဝမမှားနိုင်သလို တရုတ်ပြည်သူပြည်သားတွေအတွက်လည်း  တစ်နှစ်မှာတစ်လ တစ်လမှာ တစ်ခါသာ ကျင်းပတဲ့ ပွဲတော်မို့ တကယ့်ကိုလေးနက်တဲ့ပွဲတော်တစ်ခုလို့ ဆိုရမှာပါ။ တရုတ်ပြည်ရောက်သခိုက် တရုတ် လူမျိုးတွေနဲ့အတူ တရုတ်နှစ်သစ်ကူးပွဲတော်ကို အတူဆင်နွှဲရမှာကိုလည်း ကျွန်မဘ၀ တစ်သက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။ အထူးသဖြင့် တရုတ်နှစ်သစ်ကူးအကြောင်း ရေးထားတဲ့စာလေးတွေက အမှတ်တရအဖြစ် ရှိနေကြမှာပါ။ ကျွန်မကတော့ တရုတ်ပြည်ကြီးနဲ့တစ်ကွ တရုတ်လူမျိုးများအတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဆုတောာင်ပေးနေမိပါတယ်။ "၂၀၁၉ တရုတ်နှစ်သစ်ကူး ပွဲတော်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှု၊ ပျော်ရွှင်မှု၊ ချမ်းသာ သုခတွေအားလုံး တရုတ်ပြည်သူ ပြည်သားများ ရရှိပိုင်ဆိုင်နိုင်ကြပါစေ"

                                                  စုသက်မှူး(မရမ်းကုန်း)

   Webradio