• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာကာသစူးစမ်းလေ့လာရေးယာဉ် ချန်အို၏ အောင်မြင်မှုများ

(GMT+08:00) 2019-02-18 15:25:18

စကြာဝဠာကြီးဟာ ကျယ်ပြန့်နက်ရှိုင်းသလောက် လူသားတွေ လက်လှမ်းမိသိရှိနိုင်ဖို့ ခက်ခဲတဲ့အကြောင်းအရာတွေ များစွာရှိနေပါတယ်။ အဲဒီအထဲမှာ လကမ္ဘာလည်း ပါဝင် ပါတယ်။ လူသားတွေရဲ့သမိုင်းမှာ လကမ္ဘာဟာ ဒဏ္ဍာရီသမိုင်းတွေထဲအထိ ကျယ်ကျယ် ပြန့်ပြန့်နေရာ ယူထားသလို လူသားတွေ စိတ်ဝင်စားမှု အခံရဆုံးဂြိုဟ်တစ်ခုလို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

လကမ္ဘာအကြောင်းလို့ဆိုရင် လူသားအားလုံး စိတ်ဝင်းစားကြမှာ ကျိန်းသေပါတယ်။ အထူးသဖြင့် ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံကလကမ္ဘာစူးစမ်းလေ့လာရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အကြောင်းအရာအချက်အလက်တွေကို လူတွေ အထူး စိတ်ဝင်စား နေကြ ပါတယ်။ ကျွန်မကိုယ်တိုင်လည်း တရုတ်နိုင်ငံ အသံလွှင့်ဌာနဖြစ်တဲ့ CRI မြန်မာပိုင်း အစီအစဉ်မှာ တာဝန်ထမ်းဆောင်ရင်း အာကာသစူးစမ်းလေ့လာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖတ်ရတဲ့ အခါ အရမ်းကို စိတ်ဝင်စားမိပါတယ်။

တစ်ကယ်တော့ ကမ္ဘာမြေနဲ့ဆို လကမ္ဘာက သုံးသိန်းရှစ်သောင်း လေးထောင့်လေးရာ မိုင်ပေါင်း  နှစ်သိန်းသုံးသောင်းရှစ်ထောင်ရှစ်ရာငါးဆယ့်ငါးမိုင် ဝေးကွာတဲ့ နေရာမှာရှိတဲ့ ဒဏ္ဍာရီ ဆန်တဲ့ နေရာ၊ ပုံပြင်တွေနဲ့ပြည့်နှက်နေတဲ့နေရာ၊ အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလို့ ပြောလို့ရပါတယ်။ လကမ္ဘာဟာ ကမ္ဘာရဲ့လေးပုံ တစ်ပုံအရွယ်အစားရှိပြီး လကမ္ဘာမှာ အသက်ရှုနိုင် လောက်အောင် အောက်ဆီဂျင်မရှိသလို အပူချိန်ကလည်း နေမင်းနဲ့ မျက်နှာချင်းဆိုင်ခြမ်းမှာ ၂၅၃ ဒီကရီဖာရင်ဟိုက်၊ ၁၂၃ ဒီဂရီဆယ်စီးရပ်စ်ရှိပြီး နေအလင်းရောင်မရတဲ့အခြမ်းမှာတော့ ရေခဲမှတ် အောက် အနုတ် ၂၄၃ ဒီဂရီအထိ ရှိတယ်လို့ သိရပါတယ်။

လကမ္ဘာကို ၁၉၆၉ ခုနှစ်မှာ အာကာသယာဉ်မှူး အန်စထရောင်းက စတင်ခြေချနိုင်ခဲ့ပြီးနောက် နိုင်ငံများစွာက လကမ္ဘာစူးစမ်းလေ့လာရေးလုပ်ငန်းများကို လုပ်ဆောင် နိုင်ခဲ့ပေမယ့် လရဲ့ နောက်ကျောဘက်ခြမ်းကိုတော့ ဘယ်နိုင်ငံမှ ရောက်ရှိ လေ့လာနိုင်ခဲ့တာ မရှိခဲ့ပါဘူး။ ဒီလို အနေအထားမျိုးမှာ တရုတ်နိုင်ငံက ဒီဇင်ဘာ ၈ ရက်နေ့ မိုးလင်းပိုင်း ၂ နာရီ ၂၃ မိနစ်မှာ  ရှီချန် ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှာ Long March 3B သယ်ဆောင်ထားတဲ့ ဒုံးပျံနဲ့ ချန်အို အမှတ် ၄ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အားလုံးက ချန်အိုအမှတ် ၄ လကမ္ဘာကို ရောက်ရှိတာနဲ့ပတ်သက်ပြီး ဘာတွေသိရမလဲ နားစွင့်နေကြပါတယ်။ ချန်အို အမှတ် ၄ က ဘယ်လိုလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နိုင်မလဲပေါ့။ လကမ္ဘာဆိုတာ ကျယ်ပြန့် နက်ရှိုင်းသလောက် လက်လှမ်းမီသိရှိနိုင်ဖို့ဆိုတာ ခက်ခဲနက်နဲတဲ့ နေရာမဟုတ်ပါလား။ ချန်အိုအမှတ် ၄ ဟာသူ့ရဲ့လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါ့မလား။

ဒါပေမယ့် ချန်အို အမှတ်-၄စူးစမ်းရေးယာဉ်ရဲ့ အောင်မြင်မှုကို ပီကင်း စံတော်ချိန် ဇန်န၀ါရီလ ၃ရက်နေ့ နံနက် ၁၀နာရီ ၂၆မိနစ်အချိန်မှာ စကြားရပါတယ်။ လကမ္ဘာရဲ့ နောက်ကျောဘက် အပေါ်ရှိ သတ်မှတ်ထားတဲ့ နေရာကို အောင်မြင်စွာ တက်နိုင်ပြီး ကမ္ဘာပေါ်က ပထမဆုံး close range မှ ရိုက်ကူးထားတဲ့ လကမ္ဘာ နောက်ကျောဘက်ရဲ့ ဓါတ်ပုံကို ပို့ပေးလာခဲ့တယ်လို့ သတင်းတွေရတာနဲ့ အောင်မြင်မှုသတင်းတွေကို ကမ္ဘာအနှံ့အသိအမှတ်ပြုခဲ့တာလည်း အမှတ် ရမိပါတယ်။ အဲဒီနေ့ကဆို ချန်အို အမှတ် ၄ စူးစမ်း လေ့လာရေးယာဉ်ရဲ့ အောင်မြင်မှုဟာ နံပါတ် (၁) သတင်းအဖြစ် နေရာရခဲ့ပြီး Fb တွေ သတင်းမီဒီယာတွေမှာ သူ့ထက်ငါအလုအယက် ဒီသတင်းကို ဖော်ပြပါတော့တယ်။

ချန်အို အမှတ်-၄စူးစမ်းရေးယာဉ်ရဲ့ အောင်မြင်မှုတွေဟာလည်း တကယ့်ကို အံ့မခန်းပါပဲ။ ကမ္ဘာပေါ်မှာ လရဲ့မျက်နှာဖက်နှင့် နောက်ကျောဘက် နှစ်ဖက်စလုံးပေါ် ပျော့ပျောင်းတဲ့ နည်းလမ်းနဲ့ အောင်မြင်စွာ ဆင်းတက်(soft landing) နိုင်ခဲ့တဲ့ ပထမဆုံး စူးစမ်းရေးယာဉ် ဖြစ်ခဲ့ပါတယ်။ လူသားတွေအတွက်တော့ ဒါဟာ အာကာသသမိုင်းကြောင်းမှာ မဟာ ဆောင်ရွက်ချက် တစ်ခုကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ အားလုံးက ချီးကျူးထောပနာ ပြုကြပါတယ်။

ချန်အို အမှတ် ၄ စူးစမ်းလေ့လာရေးယာဉ်ဟာ လရဲ့မျက်နှာနှစ်ဖက်နဲ့ နောက်ကျောဖက် နှစ်ဖက်စလုံးကိုပါ ပထမဆုံးအဖြစ် လေ့လာနိုင်ခဲ့တာမို့ သမိုင်းဝင်ခဲ့ပါပြီ။ ဒါ့ကြောင့်လည်း ချန်အို အမှတ်-၄စူးစမ်းရေးယာဉ်ရဲ့ အောင်မြင်မှုဟာ တရုတ်နိုင်ငံရဲ့အောင်မြင်မှု၊ တရုတ် ပြည်သူ ပြည်သားတွေရဲ့ အောင်မြင်လို့ ပြောလို့ရသလို ကမ္ဘာသူကမ္ဘာသားတွေရဲ့ အောင်မြင်မှုလို့လည်း ပြောလို့ရကြောင်း နောက်နေ့သတင်းစာတွေမှာ နိုင်ငံအသီးသီးကနေ ချီးကျူးဂုဏ်ပြုဖော်ပြလာကြ ပါတယ်။

ချန်အို အမှတ် ၄ စူစမ်းလေ့လာရေးယာဉ်ရဲ့ အောင်မြင်မှုသတင်းကို ကြားရတော့ ငယ်ငယ်တုန်းက ကျွန်မတို့ကြားသိခဲ့ရတဲ့ စိတ်ကူးယာဉ်မြင်ယောင်ခဲ့ရတဲ့ လမင်းကြီးထဲမှာ ဆန်ဖွပ်နေတဲ့ အဖိုးအိုနဲ့ ယုန်ကလေး ပြီးတာ့ သူတို့ဘေးနားမှာ လနတ်သမီးရှိတယ် ဆိုတာ လေးကိုတောင် ပြေးသတိရမိပြီး စိတ်ကူးတွေထက် လက်တွေ့ပဲ လကမ္ဘာပေါ်သို့ အရောက် သွားကြည့်ချင်မိပါတော့တယ်။

တစ်နေ့ လကမ္ဘာပေါ်မှာ ကျွန်မတို့သက်ရှိလူသားတွေ သွားရောက်နေထိုင်မှုမပြုနိုင်ဘူးလို့ ပြောလို့မရပါဘူး။  နောင်တစ်ချိန် လူသားတွေတောင် လပေါ်ရောက်ချင်ရောက်နိုင်ပါတယ်။ ၁၉၉၀ ခုနှစ်လောက်တုန်းက သတင်းစာတွေထဲမှာ ဖော်ပြတဲ့နိုင်ငံတကာသတင်းတစ်ခုကို ကျွန်မ ပြန်ပြီး အမှတ်ရမိပါတယ်။ အဲဒီသတင်းက တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေဟာ လူမျက်နှာကိုမြင်ရတဲ့ လက်နဲ့ထိတွေ့ပြီးအသုံးပြုနိုင်တဲ့ Touch Screen အခုကျွန်မတို့သုံးနေတဲ့ ဖုန်းတွေကို အသုံးပြုပြီ ဆိုတဲ့ သတင်းကိုဖတ်ရတဲ့အခါ သြော်..ကိုယ်တွေတော့ ဒီလိုမျိုးတွေ သုံးနိုင်မှာမဟုတ်ပါဘူး။ အလှမ်းဝေးပါတယ်လို့ တွေးမိခဲ့တဲ့ကျွန်မ ဆယ်စုနှစ်များစွာ ကြာတဲ့အခါ ကျွန်မတို့နိုင်ငံတွေအထိ ဒီပစ္စည်းတွေကရောက်ရှိလာခဲ့ပြီး ကိုယ်တိုင်အသုံးပြုခွင့်ရတဲ့အခါ ငယ်ငယ်က တွေးမိခဲ့တဲ့ ဟာလေးကို မှတ်မှတ်ရရ ပြန်ပြီး သတိရနေမိပါတယ်။ အချိန်တွေဟာ ရပ်တန့်မနေတာမို့ တစ်နေ့ တစ်ချိန် ကျွန်မတို့လူသားတွေ လပေါ် မရောက်နိုင်ပေဘူးလား။ အခုတောင် လရဲ့မျက်နှာ နှစ်ဖက် စလုံးနဲ့ ဘယ်နိုင်ငံမှ စူးစမ်းလေ့လာရေး မလုပ် နိုင်တဲ့ လရဲ့နောက်ဖက်ခြမ်းကို ချန်အို အမှတ် ၄ စူးစမ်းလေ့လာရေးယာဉ်က လေ့လာရေးတွေ လုပ်နိုင် လာခဲ့တာက သက်သေပါပဲ။

 တရုတ်နိုင်ငံဟာဆိုရင် ၂၀၀၇ခုနှစ်မှာ ချန်အို-အမှတ် ၁ စူးစမ်းလေ့လာရေးယာဉ်ကို အောင်မြင်စွာလွှတ်တင်ခဲ့တဲ့ နောက်ပိုင်းမှာ စူးစမ်းလေ့လာရေးယာဉ် ၄ခု ကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ချန်အို-အမှတ် ၄ စူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့ ဘူမိအခြေအနေနဲ့ သယံဇာတ စတဲ့ နယ်ပယ်များက သတင်းအချက် အလက်တွေကို ပိုပြီး ဘက်စုံနက်ရှိုင်းစွာ စူးစမ်း လေ့လာမှာဖြစ်ကြောင်း ကတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကတိပေးပြောဆိုခဲ့သလို အာကာသစူးစမ်းလေ့လာရေးတွေကို အောင်မြင်စွာ လုပ်ပြနိုင်ခဲ့ပါပြီ။

လူသားတို့ရဲ့ အာကာသ သီအိုရီတည်ထောင်သူ၊ ရုရှား သိပ္ပံပညာရှင် ဆီအိုလ်ကိုဗ်စကီ ကလည်း ကမ္ဘာမြေကြီးဟာ လူသားတို့ရဲ့ ပုခက်ဖြစ်ကြောင်း၊ သို့သော် လူသားတို့ အနေနဲ့ ပုခက်မှာ ထာဝစဉ် နေထိုင်မယ်ဆိုလျှင် မရကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒီစကားအရဆိုရင် လကမ္ဘာဟာ လူသားတို့အတွက်  အာကာသမှာ ဝင်ရောက်ဖို့ ပထမဆုံး ခုတုံးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။  ချန်အို-အမှတ် ၄ဟာ လူသားတို့ လကမ္ဘာပေါ်တက်ဖို့ ကြိုးပမ်းဆောင်ရွက်မှုအသစ် ဆိုရင် ပိုပြီး မှန်ပါမယ်။ အဓိကအားဖြင့် လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ဖို့ အတွက် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုအသစ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

တရုတ်နိုင်ငံက အခုဆို ချန်အို-အမှတ် ၁ စူးစမ်းလေ့လာရေးယာဉ် အပါအ၀င် စူစမ်း လေ့လာရေးယာဉ် ၄ စင်းကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီနေရာမှာ အာကာသ စူးစမ်းရေးယာဉ်တွေကို ချန်အိုဆိုတဲ့ နာမည် ပေးဖြစ်တဲ့ အဓိပ္ပာယ်ကို အနည်းငယ် ရှင်းပြလိုပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ 

တကယ်တော့  ချန်အိုဆိုတာ လနတ်သမီးရဲ့ နာမည်ပါ။ လနတ်သမီးလေးမဖြစ်ခင် ချန်အို မှာ သိပ်ချစ်ရတဲ့ ချစ်သူလေးလည်းရှိပါတယ်။ သူ့ချစ်သူက အရမ်းကိုခွန်အားဗလနဲ့ ပြည့်စုံတဲ့သူဖြစ်လို့ နေဆယ်စင်းထဲက ကိုးစင်းကို မျှားနဲ့ခွင်းနိုင်တဲ့သူဖြစ်ပါတယ်။

အခု ကျွန်မတို့ တွေ့မြင်သိနေရတဲ့ နေမင်းကြီးက ချန်အိုရဲ့ ချစ်သူ မခွင်းနိုင်ခဲ့တာလား၊ မခွင်းဘဲ ထားခဲ့တာလားတော့မသိပါဘူး။ သေချာတာကတော့ သူ ခွင်းတဲ့ နေဆယ်စင်းထဲက ကျန်ခဲ့တဲ့ တစ်စင်းပဲလို့  သိရပါတယ်။ အဲလောက် ခွန်အားဗလအားကြီးပြီး လူတွေရဲ့ ကောင်းကျိုးကို လုပ်ပေးခဲ့တာမို့ သူ့ကို နတ်တွေက ဂုဏ်ပြုတဲ့အနေနဲ့ မသေဆေး နှစ်လုံးကို ပေးလိုက်ပါတယ်။ အဲဒီဆေးနှစ်လုံးကို သူတို့ ချစ်သူ နှစ်ယောက် တစ်ယောက်တစ်လုံးဆီ သောက်ကြမယ်ပေါ့၊ အဲဆေး ကလည်း တစ်လုံးသောက်ရင် မသေဆေးတဲ့၊ နှစ်လုံးလုံးသောက်လိုက်ရင် နတ်ဖြစ်မယ့် ဆေးတဲ့ လေ။ အဲဒီမှာ ချန်အိုတို့ရဲ့ ဆေးကို ချန်အိုရဲ့ချစ်သူ မရှိခိုက်မှာ လူဆိုးတွေက ချန်အို ရဲ့ အိမ်ထဲကို ၀င်လာပြီး လာလုပါတယ်။ ချန်အိုက ဆေးကို လူဆိုးတွေလက်ထဲမရောက်စေချင်တာနဲ့ ပါးစပ်ထဲကို ထည့်ပြီး စားလိုက်တဲ့အခါ ချန်အိုရဲ့ ကိုယ်ဟာတစ်ဖြည်းဖြည်း ပေါ့းပါးလာပြီး ကောင်း ကင်ဆီကို တက်သွားပြီး လနတ်သမီးဖြစ်သွားပါတယ်။ ဒါ့ကြောင့် လကမ္ဘာ အာကာသစူးစမ်းလေ့လာရေး ယာဉ်တွေကို ချန်အိုလို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။

လစူးစမ်းလေ့လာရေးယာဉ် ချန်အိုရဲ့လုပ်ငန်းစဉ်များ

      တရုတ်နိုင်ငံက သုတေသနပြု ထုတ်လုပ်တဲ့ ချန်အို အမှတ် ၄ လကမ္ဘာစူးစမ်းလေ့လာရေး ယာဉ်ဟာ ပီကင်းစံတော်ချိန် ဇန်န၀ါ၇ီလ (၃)ရက်နေ့ ၁၀နာရီ ၂၆ မိနစ်မှာ လကမ္ဘာ ကျောဘက်က မူလက ရွေးချယ်ထားတဲ့ နေရာမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ပြီးနောက် ထပ်ဆင့် ဂြိုလ်တုကနေတစ်ဆင့် ကမ္ဘာပေါ်မှာ ပထမဦးဆုံး ရိုက်ကူးတဲ့ လကမ္ဘာ ကြမ်းပြင်မှာ နီးကပ်စွာ ရိုက်ကူးတဲ့ လကမ္ဘာကျောဘက်ပုံကို ပို့လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ချန်အို အမှတ် ၃ဟာ လကမ္ဘာရဲ့ အရှေ့ဘက်မှာ အောင်မြင်စွာ ဆင်းသက်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်ရဲ့ စူးစမ်း လေ့လာရေးယာဉ်ဟာ နောက်ထပ်တစ်ကြိမ် လကမ္ဘာကို တက်ရောက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် လကမ္ဘာကျောဘက်နဲ့ အရှေ့ဘက် ၂ နေရာစလုံးမှာ လကမ္ဘာ စူးစမ်းရေးယာဉ် ညင်သာစွာနဲ့ အောင်မြင်စွာ ဆင်းသက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ လူသားရဲ့ အာကာသသမိုင်းမှာ မွန်မြတ်တဲ့ ဆောင်ရွက်မှု ဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ချန်အို အမှတ် ၃ အာကာသယာဉ် လကမ္ဘာကို အောင်မြင်စွာ ဆင်းသက်ခဲ့ပြီးနောက် တရုတ်သိပ္ပံပညာရှင်များက ချန်အို အမှတ် (၄)ဖြစ်တဲ့ အာကာသစူးစမ်းရေး ယာဉ်အနေနဲ့ လကမ္ဘာရဲ့ ကျောဘက်ကို သွားဖို့လိုအပ်မလား ဆိုတာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်အာကာသ လုပ်ငန်းရဲ့ ထိပ်တန်းရည်မှန်းချက်ကတော့ တရုတ် နိုင်ငံက ကမ္ဘာပေါ်မှာ အာကာသထဲမှာ မသိတဲ့ နယ်ပယ်ထဲမှာ စူးစမ်းလေ့လာဖို့ နဲ့ လူသားရဲ့ ဆက်တိုက် ဖွံ့ဖြိုးဖို့အတွက် ထွက်လမ်း ရှာကြံဖို့ အတွက် ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာဆိုရင် စူးစမ်းရေးယာဉ် ၃ ခု လွှတ်တင်တုန်းက  လကမ္ဘာစူးစမ်းရေး လုပ်ငန်းကို လုပ်ကိုင်ဖို့ ခြေလှမ်း (၃)လှမ်းလို့ဆိုရမယ့် အဆင့် (၃)ဆင့် ခွဲထားခဲ့ပါတယ်။ အဲဒီ အဆင့်တွေကတော့ လကိုပတ်လည်စူးစမ်းလေ့လာဖို့၊ လကမ္ဘာပေါ်မှာ ဆင်းသက်တာနဲ့ ပြန်လာ တာတွေ လုပ်ဖို့ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်တွေနဲ့အတူ စူးစမ်းလေ့လာရေးယာဉ် ၃ စင်းက ပထမအဆင့် ၂ ဆင့်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ လကမ္ဘာမှာ လည်ပတ်တာနဲ့ လကမ္ဘာမှာ ဆင်းသက်တဲ့ တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး လကမ္ဘာရဲ့ မြေပုံတစ်ခုလုံးကိုလည်း အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပါတယ်။ လကမ္ဘာ လည်ပတ်တဲ့ လမ်းကြောင်းပေါ်က ပတ်ဝန်းကျင်နဲ့ လကြမ်းပြင်ပေါ်က  ဓာတုပစ္စည်း၊ ဓာတ်ပစ္စည်းတွေကို စူးစမ်း လေ့လာရေးတာဝန် ဆောင်ရွက်ခဲ့ဖူးပါတယ်။

တရုတ်လကမ္ဘာလေ့လာရေး အထွေထွေ ဒီဇိုင်း ရေးဆွဲသူ မစ္စတာဝေလျင် ပြောတာကတော့ လကမ္ဘာကျောဘက်မှာ ပထမဦးဆုံးသော ဖြတ်ပိုင်း မြေပုံရရှိဖို့အတွက်နဲ့ မီတာ ၁၀၀ ကနေ မီတာ ၂၀၀ အထိ နိမ့်ရာနေရာမှာ ပထ၀ီအခြေအနေကို စူးစမ်းမယ်။ နောက်ပြီး လကမ္ဘာ ပထ၀ီ ဖွဲ့စည်းပုံဖြတ်ပိုင်း မြေပုံကို အထပ်ထပ် အဆင့်ဆင့် အဲဒီလို အခြေအနေများကို စူးစမ်းမယ်။ ဒီလိုနဲ့ လကမ္ဘာရဲ့ ကျောဘက် ပထ၀ီ အခြေအနေရဲ့ ရေသောက်မြစ် ဖြစ်တည်လာခြင်းနဲ့ လကမ္ဘာအနေနဲ့ ဘယ်လောက် ကြာမြင့်ပြီဆိုတာ အဲဒါတွေအားလုံးကို  စူးစမ်းမယ်။ ဒုတိယအနေနဲ့ကတော့ လကမ္ဘာအနီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို စူးစမ်းတဲ့အခါ အာကာသ နေရောင်ခြည်ဖြာထွက်မှု ၊ နေလုံးပေါ်မှာ ရုတ်တရက် ထွန်းတောက်လာတဲ့ အကွက်နေရာကနေ လကမ္ဘာ ဟင်းလင်းပြင် အပေါ် ဂယက်ရိုက်ခတ်မှုစတဲ့ လေ့လာလို့ရသမျှ အကြောင်းတွေကို လေ့လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

တတိယအဆင့်အနေနဲ့ အဓိက လကမ္ဘာရဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို လေ့လာဖို့အတွက် ချန်အို အမှတ် ၄ လကမ္ဘာ စူးစမ်းရေးယာဉ်ပေါ်မှာ သိပ္ပံနည်းပညာ  ကယ်ရီယာ ပစ္စည်း ၁၃ လုံးကို တပ်ဆင်ထားပြီး လကမ္ဘာကျောဘက်က ရုပ်ဝတ္ထုနဲ့ ဘယ်လို ဖွဲ့စည်းသလဲဆိုတာကို ပဏာမ အနေနဲ့ စူးစမ်းလေ့လာဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် လကမ္ဘာ ကျောဘက်ကို သွားတဲ့လူ မရှိဖူးပါဘူး။ ပြည်တွင်းပြည်ပ သိပ္ပံနည်းပညာအတွက်လည်း အကျိုးဆောင်ပေးနိုင်မယ်လို့ ဝေလျင် က ပြောထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အခုလို အာကာသစူးစမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ရာမှာ တံခါး ဖွင့်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကို ရည်မှန်းချက်အဖြစ် ဆောင်ရွက်နေပြီး  ဂျာမနီ၊ ဆွီဒင် နယ်သာလန်၊ဆော်ဒီအာရေဗျနိုင်ငံတွေနဲ့ အတူပူးပေါင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ စူးစမ်းလေ့လာမှုရဲ့ လုပ်ငန်းတာဝန်တွေကို ပြောပြရမယ်ဆိုရင် အများကြီးပါ။ အဲဒီ အများကြီးထဲက တရုတ် နိုင်ငံတော် အာကာသရေးရာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ပြောတာကတော့ အခု လောလောဆယ်မှာ တရုတ်နိုင်ငံတော် အာကာသ ဦးစီးဌာနက ပြည်တွင်း ကျွမ်းကျင်သူများကို စုစည်းပြီးတော့ နောက်ဆက်တွဲ ကိစ္စများကို လေ့လာနေပါတယ်။ အဓိက အနေနဲ့ နောက်ထပ် လကမ္ဘာ စူးစမ်းရေးတာဝန် ၃ ကြိမ် ရှိပါသေးတယ်။ ချန်အို အမှတ် ၆ ကတော့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းဒေသမှာ နမူနာကောက်ယူရေးတာဝန်နဲ့ ပြန်လာတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်နေပါတယ်။ သွားဖို့ကတော့ လရဲ့ ကျောဘက်လား အရှေ့ဘက်လားဆိုတာ ချန်အို အမှတ် ၅ ရဲ့ နမူနာ ကောက်ယူရေး အခြေအနေအရ သတ်မှတ်ရပါတယ်။ ချန်အို အမှတ် ၇ ကတော့ လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းဒေသမှာ အထွေထွေ လေ့လာစူးစမ်းရေးတစ်ခုကို ပြုလုပ်နေပါတယ်လို့ ပြောထားပါတယ်။ဒါ့အပြင် ချန်အို အမှတ် ၈ နဲ့ ပတ်သက်ပြီး သိပ္ပံနည်းပညာ စူးစမ်း လေ့လာရေး စမ်းသပ်မှုများ ဆက်လက်ပြုလုပ်မယ့်အပြင် အဓိကကျတဲ့ နည်းပညာဆိုင်ရာ လေ့လာမှုတွေကိုလည်း  လကမ္ဘာပေါ်မှာ စမ်းသပ်မှု ပြုလုပ်မယ်လို့ သိရပါတယ်။ အဲဒီလေ့လာမှု တွေကိုတော့ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဥရောပ နိုင်ငံများ အားလုံးက ၀ိုင်းပြီး လေ့လာမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

      ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ လကမ္ဘာ ပေါ်မှာ သိပ္ပံနည်းပညာပြုရေး  အခြေစိုက် စခန်းတစ်ခု ပြုလုပ်မလား မပြုလုပ်ဘူးလား ဆိုတာ ကိုလည်း အခုထိလေ့လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဥပမာ သ၇ီးဒီပုံ နည်းပညာနဲ့ လကမ္ဘာ ကြမ်းပြင်ပေါ်မှာရှိတဲ့ မြေဆီလွှာကို အသုံးပြုပြီးတော့ အိမ်ရာ ဆောက်လုပ်လို့ ရမလား ဆိုတာ တွေကို လေ့လာနေပါတယ်။ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလှတယ်လို့ ဆိုချင် မိပါတယ်။

အရင်က လပေါ်သွားချင်တယ်ဆိုတဲ့ လူသားတွေရဲ့ စိတ်ကူးယာဉ်အိပ်မက်က တစ်ကယ်များ ဖြစ်လာနိုင်မလား။ အချိန်အတိုင်းအတာရ စူးစမ်းလေ့လာမှုတွေက သက်သေပြသွားမယ်လို့ ကျွန်မတော့ ထင်ပါတယ်။ အခုတောင် လပေါ်ကို ခြေချခဲ့တဲ့ တရုတ်အာကာသယာဉ် ပေါ်မှာ ပါသွားခဲ့တဲ့ ဝါဂွမ်းစေ့ကိုစိုက်ပျိုးခဲ့ရာမှာ ၀ါဂွမ်းအစေ့လေးက အပင်အညွန့်လေး ထွက်လာခဲ့ တယ်လို့ သိရပါတယ်။ အဲဒီအပင်လေးက ချန်အို အမှတ် ၄ ယာဉ်ထဲမှ သေတ္တာအတွင်းမှာရှိတဲ့ လေးထောင့်ပုံစံအကွက်ထဲမှအညွှန့်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီပုံရိပ်တွေကိုတော့ ချောင်ကျင်း တက္ကသိုလ်မှာ အဆင့်မြင့် နည်းပညာသုတေသနဌာနမှ ထုတ်ပြန်သော ဓာတ်ပုံများ ထဲမှာ တွေ့ရတာဖြစ်ပါတယ်။ တရုတ်အာကာသလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဆုံးစွန် ရည်မှန်းချက်တွေကလည်း အာကာသမှာ မသိရသေးတဲ့ နယ်ပယ်တွေကို စူးစမ်း လေ့လာပြီး လူသားတို့ရဲ့ ရေရှည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထွက်ပေါက်ရှာကြံရဖို့ ဖြစ်တယ်လို့ ဆိုထားတဲ့အတွက် အခုလို သုတေသနပြုလုပ်ဆောင်ချက်တွေကို တရုတ်ပြည်သူ ပြည်သားများ သာမက ကမ္ဘာ့လူသားအားလုံးက ၀မ်းသာဂုဏ်ယူနေကြပါတယ်။ အာကာသစူးစမ်း လေ့လာရေး လုပ်ငန်းစဉ်တွေအားလုံး အောင်မြင်မယ်လို့လည်း ကျွန်မ ထင်မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်လူမျိုးတွေဟာ အစွမ်းကုန် အားထုတ်ကြိုးပမ်းနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ကတော့ တရုတ်လူမျိုးတွေအားလုံးကို အိပ်မက်ကို လိုက်လံရှာဖွေနေသူတွေလို့ တင်စား ပြောချင်မိပါတော့တယ်။

 အခုလိုမျိုးအာကာသစူးစမ်းလေ့လာရေးနဲ့ပတ်သက်ပြီး အောင်မြင်မှုအပေါ်ကိုလည်း တရုတ် နိုင်ငံတော် သမ္မတ ရှီကျင်ဖျင်က နှစ်သစ်ကူး မိန့်ခွန်းမှာ ကျေးဇူးတင်စကားပြောထားတာကိုလည်း တွေ့ရပါတယ်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၂၀၁၈ခုနှစ်မှာ တရုတ်ပြည်က တီထွင်ဖန်တီးခြင်းနဲ့ တရုတ်ပြည်က တည်ဆောက်ခြင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ တရုတ်ပြည်ရဲ့ အသွင်အပြင်ကို ပြောင်းလဲစေခဲ့ကြောင်း၊ ချန်အို-အမှတ် ၄ စူးစမ်းလေ့လာရေး အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်း၊ တစ်ကမ္ဘာလုံး အတွက် ပေတို-လမ်းကြောင်းပြစနစ် ဝန်ဆောင်မှု ပေးနိုင်ခြင်းဟာ ခိုင်မာပြတ်သားတဲ့ ခြေလှမ်းတစ်လှမ်းတက်လှမ်းခြင်း ပါဝင်ကြောင်း ဂုဏ်ပြုပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အာကာသဆိုင်ရာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ စူးစမ်းလေ့လာမှုက ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ တရုတ်နိုင်ငံရဲ့ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ် စူးစမ်းရေး တာဝန်ကို ၂၀၂၀ ပြည့်နှစ် ဝန်းကျင်မှာ အကောင်အထည် ဖေါ်ဆောင်သွားမှာဖြစ်ကြောင်း ဇန်န၀ါရီလ ၁၄ ရက်နေ့က တာဝန်ရှိသူတွေက ပီကင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါပြီ။ ဒါ့အပြင် ၂၀၂၂ခုနှစ်မှာလည်း အာကာသဘူတာရုံ အပြည့်အ၀ လွှတ်တင်ဖို့ စီစဉ်လျှက်ရှိနေသလို အင်္ဂါဂြိုလ်မျက်နှာပြင်မှ နမူနာ များအား ကောက်ယူပြီး ကမ္ဘာသို့ ပြန်လည်သယ်ယူလာနိုင်ဖို့အပါအ၀င် အင်္ဂါဂြိုလ်သို့ ဂြိုလ်ဆင်းယာဉ်နဲ့ ဆင်းသက်စေဖို့လည်း ကြိုးစားလျှက်ရှိနေပါတယ်။

 မကြာမီက ကျင်းပတဲ့ တရုတ်ပြည်လုံးဆိုင်ရာ ဂြိုဟ်တုလမ်းပြစနစ် နှီးနှော ဖလှယ်ပွဲမှ သတင်းအရ တရုတ်နိုင်ငံဟာ ပေတို ဂြိုဟ်တု လမ်းပြစနစ် တတိယ အဆင့် ကာလ ထူထောင်ရေးလုပ်ငန်း ဘက်စုံစတင် ဆောင်ရွက်နေပြီဖြစ်ပြီး အခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းမှာ ကမ္ဘာလုံး ကွန်ရက် ဂြိုဟ်တု ၆ စင်းမှ ၈ စင်းအထိ လွှတ်တင်မှာဖြစ်ကြောင်း သိရပါတယ်။ ပေတို ဂြိုဟ်တု လမ်းပြစနစ်ဟာ  တရုရုတ်နိုင်ငံမှ ကိုယ်တိုင်သုတေသနပြု ထုတ်လုပ်သော တစ်ကမ္ဘာလုံး ဂြိုဟ်တုလမ်းပြစနစ် ဖြစ်ပြီး အမေရိကန်ရဲ့ GPS၊ ရုရှားရဲ့ GLONASS ပြီးရင် တတိယမြောက် နည်းပညာ ရင့်ကျက်သော ဂြိုဟ်တု လမ်းပြစနစ် ဖြစ်ကြောင်း သိရပါတယ်။

အခုလို တရုတ်နိုင်ငံရဲ့ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်လာနဲ့ပတ်သက်ပြီး ပီကင်းမြို့ လေကြောင်းနှင့် အာကာသနည်းပညာတက္ကသိုလ်မှာ လာရောက်ပညာ သင်ကြားနေတဲ့ မြန်မာ ပညာတော်သင် ကျောင်းသား ဆရာဦးအောင်လွင်က တရုတ်နိုင်ငံ ဟာ အာကာသ နည်းပညာကို အသုံးပြုပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေးစတဲ့ လူမှုအထောက်အကူပြု နယ်ပယ်အသီးသီးမှာ များစွာ အကျိုးပြုနိုင်တာ တွေ့ရကြောင်း၊ ဒါ့အပြင် တရုတ်နိုင်ငံဟာ အခုချိန်မှာ တည်နေရာပြ ဂြိုလ်တု (၂၃)စင်းကို လွှတ်တင်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၀ ရည်မှန်းချက်ဖြစ်တဲ့ ဂြိုလ်တုအစင်းပေါင်း (၃၅)စင်း လွှတ်တင်သွားဖို့ရှိကြောင်း ၊ ဒါတွေကို လွှတ်တင်ပြီးတော့ အာရှ ပစိဖိတ်ဒေသ တစ်ဝိုက်ကို လွှမ်းခြုံပြီး တည်နေရာပြမှုတွေကို တိတိကျကျ ဆောင်ရွက်ပေးနိုင်မှာဖြစ်သလို တည်နေရာပြ အာကာသနည်းပညာ (Navigation)ကို အသုံးပြုပြီးတော့ ဆက်သွယ်ရေးနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းပေးနိုင်မှာလည်း ဖြစ်ကြောင်း ပြောပါတယ်။

     တရုတ်နိုင်ငံအနေနဲ့ အာကာသသုတေသနလုပ်ငန်းတွေကို ကျယ်ပြန့်စွာလုပ်နိုင်ဖို့ အတွက် ထျန်ကုန်း အမှတ်(၁)အာကာသစခန်းကို ၂၀၁၁ခုနှစ် စက်တင်ဘာလ(၂၉)ရက် နေ့က ပထမဆုံးအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီအာကာသစခန်းဟာ လောင်းမတ်ခ်ျ (၈)၊(၉)၊(၁၀)တို့နဲ့ချိတ်ဆက် အလုပ်လုပ်နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ သက်တမ်း ကုန်ဆုံးခဲ့ပါတယ်။ ဒီအတွက် တျန်ကုန်း အမှတ်(၂) အာကာသစခန်းကို ၂၀၁၆ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့မှာ လွှတ်တင်ခဲ့ပြီး လောင်းမတ်ခ်ျ(၁၁)၊ (၁၂)တို့နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင်လည်း တျန်ကုန်းအမှတ်(၃) အာကာသစခန်း အတွက် ပြင်ဆင်ဆောင်ရွက်မှုတွေပြုလုပ်နေပြီး ၂၀၂၀မရောက်ခင်မှာ လွှတ်တင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ၂ဝ၃၆ ခုနှစ်မှာတော့ တရုတ်နိုင်ငံဟာ လကမ္ဘာကို လူသား တစ်ဦးစေလွှတ်ဖို့ စီစဉ်နေရာမှာ ဂျပန်နိုင်ငံကလည်း ပူးပေါင်းပါဝင်ဖို့ စဉ်းစားလျက်ရှိတယ်လို့ သိရှိရ ပါကြောင်း ရေးသားလိုက်ရပါတယ်။                                                                                                                                                          စုသက်မှူး(မရမ်းကုန်း)

 

   Webradio